အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားခုံရုံး (International Criminal Court – ICC) အပါအဝင် နိုင်ငံတကာ တရားခုံရုံးများ၊ ဆီယာရာလီယွန်နိုင်ငံဆိုင်ရာ အထူးတရားခုံရုံး ကဲ့သို့သော ပူးတွဲပေါင်းစပ်တရားခုံရုံးများနှင့် နိုင်ငံတကာခုံရုံးများအစား သို့မဟုတ် နိုင်ငံတကာခုံရုံးများအပြင် ထပ်ပေါင်း၍ အသုံးပြုသော ပြည်တွင်းတရားခုံရုံးများ စသည့် မတူကွဲပြားသော ရာဇဝတ်မှုဆိုင်ရာတရားမျှတမှု ယန္တရားများကို ကျားမကွဲပြားမှုအခြေပြု ချိုးဖောက်မှုများအပါအဝင် ကြီးမားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား တရားစွဲဆိုရန်အတွက် အသုံးပြုခဲ့ကြသည်။
နာဇီအကျဉ်းစခန်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ဂျပန်စစ်သားများက နန်ကျင်းမြို့တွင် အမျိုးသမီးပေါင်း ၂၀၀၀၀ ကို မုဒိန်းပြုကျင့်မှုများကဲ့သို့သော အမျိုးသမီးများအပေါ် ချိုးဖောက်ကျူးလွန်မှုများကို ကောင်းမွန်စွာ မှတ်တမ်းတင်နိုင်ခဲ့သော်လည်းပဲ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ဖွဲ့စည်းခဲ့သည့် နုယင်ဘတ်နှင့် တိုကျိုခုံရုံးနှစ်ခုလုံးက မုဒိန်းကျင့်ခြင်း ရာဇဝတ်မှုများအတွက် တရားစွဲဆိုခြင်းမရှိခဲ့ပါ။ စနစ်တကျစီစဉ် ကျူးလွန်သော မုဒိန်းမှု သက်သေအထောက်အထားများကို အချို့သော တရားခွင်များ ထည့်သွင်းလျှောက်ထား တင်ပြခဲ့သော်လည်း မုဒိန်းကျင့်ခြင်းရာဇဝတ်မှုများအပေါ် ပြစ်ဒဏ်အမိန့်ချမှတ်ခြင်း မရှိခဲ့ပါ။ သို့သော် ၁၉၄၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ဒတ်ချ်အရှေ့အင်ဒီးစ် (Dutch East Indies) ကိုလိုနီအစိုးရက ပြည်တွင်းအဆင့် တရားစီရင်ရေးအဖြစ် ကျင်းပသော ဘာတာဗီယာတရားခွင်များ (Batavia Trials) တွင် လိင်လုပ်သားအဖြစ် အတင်းအဓမ္မသွတ်သွင်းမှုကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်၍ တရားစွဲဆိုခဲ့သည်။
၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူစာချုပ် (Geneva Conventions) နှင့် နောက်ဆက်တွဲ သဘောတူချက် ၂ ခုတွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဌာန်းချက်များ ပါဝင်လာသည်။ သို့သော် ၁၉၉၀ ခုနှစ်ကာလများ အလယ်ပိုင်း အထိ (မှတ်ချက်။ ၁၉၉၀ မှ ၁၉၉၉ ကြား ဆယ်စုနှစ်၏ အလယ်ပိုင်းအထိ) မုဒိန်းမှုကို နိုင်ငံတကာအဆင့်တွင် တရားစွဲဆိုမှုများ မရှိခဲ့ပါ။ ရဝမ်ဒါနိုင်ငံဆိုင်ရာ အထူးခုံရုံးနှင့် ယခင်ယူဂိုဆလားဗီးယားနိုင်ငံ အထူးခုံရုံးတို့က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် နိုင်ငံတကာရာဇဝတ်မှု ဥပဒေနှင့် လူသားချင်းစာနာမှုဥပဒေများတွင် ပြဌာန်းထားသောစည်းမျဉ်းအများအပြားကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီးနောက်တွင် ပထမဆုံးသော တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ ရလဒ်အနေဖြင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမကွဲပြားမှုအခြေပြု ကျူးလွန်ချိုးဖောက်မှုများကို ပဋိပက္ခအတွင်းဖြစ်ပွားသည့် ပြင်းထန်ဆိုးဝါးသော ရာဇဝတ်မှုများထဲမှ တစ်ခုအဖြစ် ယနေ့အချိန်အခါတွင် အသိအမှတ်ပြုခဲ့ကြပြီး ဆိုးဝါးပြင်းထန်သောရာဇဝတ်မှုအဖြစ် သတ်မှတ် တရားစွဲဆိုမှုများကိုလည်း ဆောင်ရွက်လျှက်ရှိသည်။