Select Page
Topic Progress:

အမှန်တရားကော်မရှင်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြည့်အဝနားလည်ရန်၊ အမျိုးသမီးများအပေါ် ကျူးလွန်မှုများကို မြင်သာအောင်ပြုလုပ်ရန်နှင့် ဖိုကြီးစိုးမှုဝါဒနှင့် အကြမ်းဖက်မှုကို ကျင့်သုံးခြင်းတို့ကြား ဆက်နွှယ်မှုနှင့် အထင်အမြင်လွဲမှားမှုများကို ကောင်းမွန်စွာတည့်မတ်ပေးရန်တို့အတွက် ကျား၊မကွဲပြားမှုရေးရာ အမြင်ရှုထောင့်ကို ပေါင်းစပ်ထားရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အမှန်တရားကော်မရှင်များသည် အမျိုးသမီးများကို အကူအညီကို လက်ခံသောသူများအဖြစ်သာ မမြင်ပဲ တိကျသောအတွေ့အကြုံများနှင့် ကွဲပြားသောအသံများပါရှိသည့် အင်အားစုများအဖြစ် ရှုမြင်ရန်နှင့် ကော်မရှင်၏အလုပ်များ လူ့အဖွဲ့အစည်းအတွင်းစိမ့်ဝင်နိုင်စေရေးအတွက် အဓိကလုပ်ဖော်ကိုင်ဖက်များအဖြစ် ရှုမြင်ရန် သေချာစေရမည်ဖြစ်သည်။

အမှန်တရားကော်မရှင်များသည် မကြာသေးမီကမှ ကျားမကွဲပြားမှုရေးရာ အကြမ်းဖက်မှုအပေါ် ပြတ်သားစွာ အာရုံစိုက်လာခဲ့သည်။ လိင်ပိုင်းဆိုင်ရာမတရားပြုကျင့်မှုများသည် ပဋိပက္ခများနှင့် ဖိနှိပ်မှုများအတွင်း အလွန်များပြားစွာ ဖြစ်ပွားနေသော်လည်း ဥပဒေဆိုင်ရာလုပ်ပိုင်ခွင့်များတွင် ပါဝင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် အစောပိုင်း အမှန်တရားကော်မရှင်များသည် အမျိုးသမီးများ၏ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအဖြစ် ပါဝင်မှုကို အာရုံစိုက်မှု နည်းပါးသည်။ များစွာပြောင်းလဲသွားခဲ့ပါပြီ။ အထူးသဖြင့် အာဖရိကရှိ အမှန်တရားကော်မရှင်များဆိုင်ရာ ဥပဒေအသစ်များတွင် ကော်မရှင်၏လုပ်ပိုင်ခွင့်များအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပုံစံအားလုံးကို ရှင်းလင်းစွာပါဝင်စေပြီး ကော်မရှင်အဖွဲ့ဝင်များရွေးချယ်ရာတွင် ကျားမတန်းတူညီမျှမှုရှိရန် လိုအပ်ချက်လည်း ပါဝင်စေသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မြင်သာအောင် ပြုလုပ်ခြင်း

အမှန်တရားကော်မရှင်၏ တရားဝင်လုပ်ပိုင်ခွင့်ကို ညှိနှိုင်းဆွေးနွေးနေချိန် ကျားမရေးရာအမြင်ကို အစကတည်းက ထည့်သွင်းထားရမည် သို့မဟုတ် ကော်မရှင်နာများသည် ၎င်းတို့၏လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များချသည့်အခါတွင် ကျားမရေးရာအမြင်ကို အစကတည်းက ထည့်သွင်းရမည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ကျား-မ ကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများ ပါ၀င်နိုင်သော်လည်း လုပ်ပိုင်ခွင့်များကို ကျား-မကွဲပြားမှု အခြေပြု အကြမ်းဖက်မှုအတွက်သာ ကန့်သတ်မထားသင့်ပါ။

ဥပဒေလုပ်ပိုင်ခွင့် သို့မဟုတ် ကော်မရှင်၏ သုတေသနအစီအစဥ်သည် အလျဉ်းသင့်သလို လိင်အကြမ်းဖက်မှုကို မုဒိမ်းမှုအဖြစ်ထက် ကျော်လွန်၍ ဘက်စုံပါဝင်၍ ရှုပ်ထွေးသော ရာဇ၀တ်မှုပုံစံအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အမျိုးသမီးနှင့် မိန်းကလေးများအား အလွဲသုံးစားမှု ပုံစံအားလုံးနှင့် အမျိုးသမီး လိင်နှင့် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်မှုမှန်သမျှကို လေ့လာရမည်ဖြစ်သည်။ ထို့အပြင် ကော်မရှင်သည် အမျိုးသမီးများအပေါ် ကျူးလွန်သည့် အခြားသော ချိုးဖောက်မှုမျိုးများကို ချန်လှပ်ထားရသည်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အာရုံစိုက်ခြင်း မပြုသင့်ပါ။

ဥပမာအားဖြင့်၊ ပြည်နှင်ခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်း၊ သို့မဟုတ် အမျိုးသား ဆွေမျိုးသားချင်းများကို သတ်ဖြတ်ခြင်း တို့ကြောင့် ၎င်းတို့၏ မိသားစုအတွက် တစ်ဦးတည်းသော ဝမ်းစာရှာသူ ဖြစ်လာသည့် အမျိုးသမီးများ၏ အတွေ့အကြုံများကို ကော်မရှင်က ကိုင်တွယ်ဖြေရှင်းသင့်သည်။ သူတို့၏ အမျိုးသား ဆွေမျိုးများ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းကြောင့် အမျိုးသမီးများသည် မကြာခဏဆိုသလို အသစ်သော စော်ကားမှုများ၊ ပစ်ပယ်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို ကြုံတွေ့ခံစားနေကြရကြောင်း ကော်မရှင်က အသိအမှတ်ပြုသင့်သည်။ လက်ရှိ လူ့အဖွဲ့အစည်းနှင့် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများက ကနဦးချိုးဖောက်မှုများ၏ သက်ရောက်မှုကို ပိုမိုဆိုးရွားစေသောကြောင့် အမျိုးသမီးများ ဆင်းရဲဒုက္ခကို ခံစားကြရသည်။ ထိရောက်သော အမှန်တရားရှာဖွေခြင်းသည် ဤချိုးဖောက်မှုများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။