နှစ်ပေါင်းများစွာ အစုလိုက်အပြုံလိုက် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားပြီးနောက် အသွင်ကူးပြောင်းမှုကာလအတွင်း ချိုးဖောက်ကျူးလွန်မှုများဖြစ်ပွားရသည့် အခြေခံအကြောင်းတရားများသည် ဆက်လက်တည်ရှိနေပြီး ဖုံးကွယ်ခံထားရနိုင်ပါသည်။ ထိုအခြေခံအကြောင်းတရားများကို နားလည်ပြီး ဖြေရှင်းခြင်း မရှိပါက အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါသည်။
ခွဲခြားဖိနှိပ်မှုနှင့် မညီမျှမှုများက အကြမ်းဖက်မှုကို ထိမ်းချုပ်နိုင်ခြင်းမရှိသည့်အခြေအနေအထိရောက်အောင် တွန်းပို့ပေးနိုင်သည်။ ခွဲခြားဖိနှိပ်မှုနှင့် မညီမျှမှု နှစ်ခုလုံးသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ရန် တာဝန်ဝတ္တရားရှိသော နိုင်ငံတော် အင်စတီကျူးရှင်းများ၏ ကြိုးကိုင်ခြယ်လှယ်မှုများနှင့် အားနည်းမှုများကို ထင်ဟပ်ပြသလျှက်ရှိသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့များသည် အကြမ်းဖက်မှုများကို အပြစ်ပေးမခံရပဲ ကျူးလွန်နေကြသော ရေပေါ်ဆီခေါင်းဆောင်များ၏ လက်ကိုင်တုတ်များဖြစ်လာကြသည်။
မမျှတသော ဥပဒေများ ပြဌာန်းကြပြီး အကျင့်ပျက်သော တရားရုံးများသည်လည်း လွတ်လပ်မှုများ ဆုံးရှုံးကြရသည်။ မီဒီယာ၊ ဘာသာရေးအဖွဲ့များနှင့် ပညာရေး အင်စတီကျူးရှင်းများသည်လည်း အမှန်တရားကိုဖြန့်ဝေသော အဖွဲ့အစည်းများ မဟုတ်ကြတော့ပဲ ပုံဖျက်ခံရပြီး ကြိုးကိုင်ချယ်လှယ်ခံရသည်။
ပဋိပက္ခမဖြစ်ပွားမှီနှင့် ဖြစ်ပွားနေစဉ်ကာလအတွင်း အမျိုးသမီးများသည် ခွဲခြားဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်ကဲ့သို့ ကြုံတွေ့ကြရကြောင်း နားလည်ခြင်းသည် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လမ်းညွှန်ပေးရမည်။ နိုင်ငံတော်အင်စတီကျူးရှင်းများသည် ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိရန်အတွက် အရပ်သားများ၏ ကြီးကြပ်မှုနှင့် အပြန်အလှန်ထိန်းကျောင်းရေး ယန္တရားများကို တည်ထောင်ရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့ကို ခိုင်မာအားကောင်းစေသော ရေရှည်ဆင့်ကဲဖြစ်စဉ်အဆင့်ဆင့်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပုံစံရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့တွင် အမျိုးသမီးများပါဝင်ခွင့်ကို အာမခံပေးခြင်းသည် သော့ချက်ပင်ဖြစ်ပါသည်။