Select Page
Topic Progress:

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကြေညာစာတမ်းကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၄၈/၁၀၄ ဖြင့် ကြေညာခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အဓိကကျသည့် သဘောတရားများကို ဖော်ထုတ်ခဲ့သည်။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု” ဟူသော ဝေါဟာရသည် ပြင်ပလူမှုဘဝတွင်ဖြစ်စေ သို့မဟုတ် ပုဂ္ဂလိကဘဝတွင်ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု သို့မဟုတ် ဒဏ်ရာအနာတရ (ဆင်းရဲဒုက္ခ) ရစေသည့် ကျား၊မကွဲပြားမှုအခြေပြု အကြမ်းဖက်မှု လုပ်ရပ်များအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်များ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုကျင့်ခြင်း သို့မဟုတ် လွတ်လပ်ခွင့်များ မတရား ရုပ်သိမ်းခြင်းတို့လည်း ပါဝင်သည်။
အောက်ပါအချက်များသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို လွှမ်းခြုံထားသည်ဟု နားလည်ထားကြပြီး ထိုအချက်များသာ ဖြစ်သည်ဟု ကန့်သတ်မထားပါ။
(က) မိသားစုအတွင်း ဖြစ်ပွားနေသည့် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ – အဆက်မပြတ် ရိုက်နက်နိုပ်စက်ခြင်း၊ မိသားစုအတွင်းက မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ တောင်ရမ်းကြေးပစ္စည်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်ထောင်ဖက်၏ မုဒိမ်းမှု၊ အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်ခြင်းနှင့် အမျိုးသမီးများကို အန္တရာယ်ဖြစ်စေသော အခြားသော ရိုးရာဓလေ့များ၊ အိမ်ထောင်ဖက်မဟုတ်သောသူ၏ အကြမ်းဖက်မှု၊ အမြတ်ထုတ်ခြင်းနှင့် ပတ်သက်သော အကြမ်းဖက်မှုများ စသည်တို့ ပါဝင်သည်။
(ခ) အထွေထွေ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပွားသော ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လုပ်ငန်းခွင်အတွင်း၊ ပညာရေးအင်စတီကျူးရှင်းများနှင့် အခြားမည်သည့်နေရာတွင်မဆို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု၊ အမျိုးသမီးများကို လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခြင်း စသည်တို့ ပါဝင်သည်။
(ဂ) ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတော်က ကျူးလွန်ခြင်း သို့မဟုတ် (ထိုကျူးလွန်မှုများကို နိုင်ငံတော်က) မသိကျိုးကျွံပြု လျစ်လျှူရှုခြင်း – မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားခုံရုံး

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း လိင်နှင့် ကျားမကွဲပြားမှု အခြေပြု ရာဇ၀တ်မှုများအတွက် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသည် ဓလေ့များကို အဆုံးသတ်ရန် တိုးတက်သည့် ခြေလှမ်းများကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ခဲ့သည်။ ICC ၏ စာချုပ်သည် မုဒိမ်းမှု၊ လိင်ကျွန်ပြုမှု၊ အတင်းအဓမ္မ ပြည့်တန်ဆာ အဖြစ်ခိုင်းစေမှု၊ အတင်းအကြပ်ကိုယ်ဝန်ဆောင်စေခြင်း၊ အတင်းအကျပ် သားကြောဖြတ်ခြင်း နှင့် အခြားလိင်အကြမ်းဖက်မှုပုံစံများ အပါအဝင် လိင်နှင့် ကျား-မ အခြေပြု ရာဇ၀တ်မှု ပုံစံအမျိုးမျိုးကို နိုင်ငံတကာနှင့် နိုင်ငံတကာမဟုတ်သော (ပြည်တွင်း) လက်နက်ကိုင်ပဋိပက္ခများတွင် ကျူးလွန်သော စစ်ရာဇ၀တ်မှုများနှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုနှစ်ခုလုံးတွင် အကျုံးဝင်သော အဓိကလုပ်ရပ်များအဖြစ် ထည့်သွင်းဖော်ပြသည့် ပထမဆုံး နိုင်ငံတကာ စာချုပ်စာတမ်းဖြစ်သည်။

ထိုသဘောတူညီချက်သည် ကျား၊မ ကွဲပြားမှု အခြေပြု ခဲခြားဖိနှိပ်မှုများကိုလည်း လူသားများအပေါ် ကျူးလွန်သည့်ရာဇ၀တ်ပြစ်မှုတစ်ခုအဖြစ် ပြဌာန်းထားသည်။ လိင်နှင့် ကျား-မ ကွဲပြားမှု အခြေပြု ရာဇ၀တ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ သို့မဟုတ် စစ်ရာဇ၀တ်မှု မြောက်သော လုပ်ရပ်များဖြစ်ပါက တရားရုံး၏ စီရင်ပိုင်ခွင့်အောက်တွင် ကျရောက်နိုင်သည်။ လုပ်ထုံးလုပ်နည်းနှင့် သက်သေအထောက်အထားများ (“စည်းမျဉ်းများ”) စည်းမျဉ်းများနှင့် အစိတ်အပိုင်းများသည် နစ်နာသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် တရားရုံးလုပ်ငန်းဆောင်တာများ၏ ထိရောက်မှုကို မြှင့်တင်ရန် အရေးကြီးသော လုပ်ထုံးလုပ်နည်းနှင့် အထောက်အထားဆိုင်ရာ တိုးတက်မှုများကို တောင့်တင်းခိုင်မာလာစေသည်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးသည် အဓိက အဓိပ္ပါယ်ဖွင့်ဆိုချက်အချို့ကိုလည်း ဖွင့်ဆိုပေးသည်

ကျား-မကွဲပြားမှု အခြေပြု ရာဇ၀တ်မှုများ – ကျား-မကွဲပြားမှု အခြေပြု ရာဇ၀တ်မှုများသည် လိင် နှင့်/သို့မဟုတ် လူမှုရေးအရ တည်ဆောက်ထားသော ကျားမရေးရာ အခန်းကဏ္ဍများကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူပုဂ္ဂိုလ်များကို ကျူးလွန်သော ရာဇဝတ်မှုများဖြစ်သည်။ ကျား-မ ကွဲပြားမှု အခြေပြု ရာဇ၀တ်မှုများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတစ်ခုအဖြစ် အမြဲတမ်း ပြသနေသည်မဟုတ်ပါ။ သူတို့၏ ကျားမကွဲပြားမှုရေးရာကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများနှင့် အမျိုးသားများနှင့် ယောက်ျားလေးများသည်အပေါ် လိင်ပိုင်းဆိုင်ရာ မဟုတ်သော တိုက်ခိုက်မှုများလည်း ပါဝင်နိုင်သည်။

လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ – ICC ၏ စီရင်ပိုင်ခွင့်အောက်တွင် အကျုံးဝင်သော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကို သဘောတူညီချက်၏ အပိုဒ် 7(1)(g)၊ 8(2)(b)(xxii) နှင့် 8(2)(e)(vi) အောက်တွင် စာရင်းပြုစု ထားပြီး ရာဇဝတ်မှုများ၏ အစိတ်အပိုင်းများ (“အစိတ်အပိုင်းများ”) တွင် ဖော်ပြထားသည်။ “မုဒိမ်းမှု“၊ “အတင်းအကြပ်ပြည့်တန်ဆာအဖြစ် စေခိုင်းမှု” နှင့် “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” တို့နှင့် စပ်လျဉ်း၍ အစိတ်အပိုင်းများတွင် ကျူးလွန်သူသည် လူတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ရပ် ကျူးလွန်ခဲ့ခြင်း သို့မဟုတ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ချုပ်နှောင်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု တို့ကို ကြောက်ရွံ့မှု သို့မဟုတ် အာဏာအလွဲသုံးစားလုပ်မှု၊သို့မဟုတ် အတင်းအကျပ်ဆောင်ရွက်သည့် ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူခြင်းဖြင့် သို့မဟုတ် စစ်မှန်သောသဘောတူခွင့်ပြုချက်ပေးရန် လူတစ်ဦး၏ မစွမ်းဆောင်နိုင်မှုကဲ့သို့သော အခြေအနေများတွင် အခြားသူတစ်ဦးအား ထိုသို့သော အပြုအမူတွင် အတင်းအဓမ္မ ခိုင်းစေခြင်း သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှု သို့မဟုတ် အနိုင်အထက်ပြုမူခြင်းများ ဖြစ်ရန် လိုအပ်သည်။ လိင်သဘာဝ၏ လုပ်ရပ်ကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသာဖြစ်သည်ဟု ကန့်သတ်မထားပဲ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလည်း ပါဝင်ရမည်ဟုလည်း ကန်သတ်မထားပါ – ဥပမာ အတင်းအကြပ် ကိုယ်လုံးတီးဖြစ်အောင် အဝတ်အစားများချွတ်ထားခြင်း။ ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများသည် လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော လုပ်ရပ်များ နှစ်ခုလုံး အကျုံးဝင်သည်။

ကျား၊မရေးရာ အမြင်ရှုထောင့် – အမျိုးသားနှင့် အမျိုးသမီးကြား အဆင့်အတန်း၊ ပါဝါ (အာဏာ)၊ အခန်းကဏ္ဍနှင့် လိုအပ်ချက်များ စသည်တို့ ကွဲပြားခြားမှုများနှင့် လူများ၏ အခွင့်အလမ်းများနှင့် အပြန်အလှန်ဆက်ဆံမှုအပေါ် ကျားမရေးရာ၏ သက်ရောက်မှုတို့ကို နားလည်ရန် လိုအပ်သည်။ ထိုမှသာလျှင် (ICC) ရုံးသည် ရာဇ၀တ်မှုများအကြောင်း ကောင်းစွာနားလည်နိုင်မည့်အပြင် လူ့အဖွဲ့အစည်းတစ်ခုအတွင်းက လူတစ်ဦးချင်းနှင့် လူမှုဝန်းကျင်အသိုင်းအဝိုင်းများ၏ အတွေ့အကြုံများကို ကောင်းစွာနားလည်နိုင်စေမည်ဖြစ်သည်။