Select Page
Topic Progress:

ရုပ်ဝတ္ထုအရ ပြန်လည်ကုစားမှုအစီအစဉ်များသည် ကျူးလွန်ခံရသူများကို လက်ဆုပ်လက်ကိုင် ပေးအပ်သည့် အကူအညီများဖြစ်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်။

 မူလအခြေအနေသို့ ရောက်အောင်ဆောင်ရွက်ပေးခြင်း သည် အကြမ်ဖက်ခံရမှုများ မဖြစ်ပွားမီ ကျူးလွန်ခံရသူများ၏ မူလအခြေအနေသို့ ပြန်လည်ရရှိစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ မူလအခြေအနေသို့ ရောက်အောင်ဆောင်ရွက်ခြင်းတွင် လွတ်လပ်ခွင့်များ ပြန်ပေးခြင်း၊ လူ့အခွင့်အရေးများအား ခံစားခွင့်ပေးခြင်း (ကိုယ်ပိုင်အမှတ် လက္ခဏာ၊ မိသားစုဘဝ၊ နိုင်ငံသားဖြစ်ခွင့်)၊ နေရင်းအရပ်သို့ ပြန်လာခွင့်ပေးခြင်း၊ မူလအလုပ်အား ပြန်လည်ထမ်းဆောင်ခွင့် ပေးခြင်းနှင့် သိမ်းယူထားသည့် ပစ္စည်းဥစ္စာများအား ပြန်လည်ပေးအပ်ခြင်း တို့ ပါဝင်ပါသည်။

လျော်ကြေးပေးခြင်း ဆိုသည်မှာ ငွေကြေးအရ ခန့်မှန်းတွက်ချက်နိုင်သော ပျက်စီးဆုံးရှုံးမှုများ အတွက် အလျော်ပေးခြင်းဖြစ်သည်။ ဥပမာ များမှာ

  • ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု
  • အလုပ်အကိုင်၊ ပညာရေးနှင့် လူမှုအကျိုးခံစားခွင့်များအပါအဝင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်း
  • ရုပ်ဝတ္တုပျက်စီးမှုများနှင့် ငွေဝင်နိုင်သည့် အလားအလာများ ဆုံးရှုံးခြင်းများ အပါအဝင် ၀င်ငွေများ ဆုံးရှုံးခြင်း
  • ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်ပျက်ဆီးခြင်း
  • ဥပဒေရေးရာအကူအညီ၊ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ ပါဝင်ပါသည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်များတွင် ဆေးဘက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ ဥပဒေနှင့် လူမှုရေးဝန်ဆောင်မှုများ ပါဝင်သည်။ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးအပ်ခြင်းသည် ပညာရေးအတွက် အထူးဝန်ဆောင်မှုများ၊ အထူးဆွေးနွေးအကြံပေးခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ဝန်ဆောင်မှုများ၊ ဥပဒေရေးရာအကူအညီ၊ အသေးစားချေးငွေအစီအစဉ်များ၊ တစ်လုံးတစ်ခဲတည်းပေးချေမှုများ သို့မဟုတ် လစဉ်ပင်စင်လစာများကဲ့သို့သော စီးပွားရေးအကူအညီများ စသည်တို့ကဲ့သို့သော ကျူးလွန်ခံရသူများ၏ လိုအပ်ချက်များကို  ဖြေရှင်းဆောင်ရွက်ပေးပါသည်။

နောက်တစ်ဖန် မဖြစ်ပွားစေရန်အတွက် အာမခံခြင်းတွင် အောက်ပါအစီအမံများ ပါဝင်ပြီး ထပ်မံမဖြစ်ပွားစေရန် တားဆီးပေးပါသည်။

  • စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များအား အရပ်သား ထိန်းချုပ်မှုအောက်တွင် ထိထိရောက်ရောက် ထားရှိရန် အာမခံခြင်း၊
  • အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်များအားလုံးသည် တရားဝင် လုပ်ထုံးလုပ်နည်း၊ တရားမျှတပြီး သမာသမတ်ကျသည့် နိုင်ငံတကာစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
  • အမှီအခိုကင်းသည့် တရားစီရင်မှု ဖြစ်ထွန်းအားကောင်းအောင် ဆောင်ရွက်ခြင်း၊
  • ဥပဒေရေးရာဝန်ထမ်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အတတ်ပညာရှင်များ၊ သတင်းမီဒီယာများနှင့် အခြား သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်  လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအား ကာကွယ်စောင့်ရှောက်ခြင်း၊
  • စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် တရားဥပဒေစိုးမိုးရေးအရာရှိများအား သင်တန်းများနှင့် လူ့အဖွဲ့အစည်း၏ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများအား  ဦးစားပေးအနေဖြင့် စဉ်ဆက်မပြတ် ပညာပေး သင်ကြားပေးခြင်း၊
  • စီးပွားရေးလုပ်ငန်းများအပြင် တရားဥပဒေစိုးမိုးရေး၊ အကျဉ်းထောင်၊ မီဒီယာ၊ ဆေးဘက်ဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ၊ လူမှုဝန်ဆောင်မှုနှင့် စစ်ဘက်ဆိုင်ရာတို့မှ ပြည်သူ့ဝန်ထမ်းများကို နိုင်ငံတကာစံနှုန်းများတွင် ပါရှိသည့် ကျင့်ဝတ်စည်းမျည်းများနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများအား အထူးလိုက်နာစောင့်ထိန်းရန် မြှင့်တင်ဆောင်ရွက်ခြင်း၊
  • လူမှုပဋိပက္ခများအား တားဆီးရန်နှင့် ၎င်းတို့၏ ဖြေရှင်းပုံများအား စောင့်ကြည့်ရန်အတွက် လုပ်ငန်းစဉ် ယန္တရားများအား မြှင့်တင်ခြင်း၊
  • နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများအား ဆိုးရွားစွာ ချိုးဖောက်ရန်အတွက် ခွင့်ပြုထားသည့် သို့မဟုတ် အထောက်အပံ့ဖြစ်စေသော ဥပဒေများအား ပြုပြင်ပြောင်းလဲခြင်းတို့ ပါဝင်ပါသည်။