အင်ဒိုနီးရှားနိုင်ငံမှ အဖြစ်အပျက်များ (Stories from Indonesia)

Kadmiyati ၏ အဖြစ်အပျက်ဇာတ်လမ်း

Kadmiyati သည် ၁၉၆၅ ခုနှစ် အကြမ်းဖက်မှုများကြောင့် ဘဝလမ်းချော်သွားခဲ့သော ဆရာမတစ်ဦးဖြစ်သည်။ သူမသည် Mergangsan ရှိ Taman Siswa ဆရာများကောလိပ် တွင် ပညာသင်ယူနေပြီး ပညာသင်ကြားပို့ချရန် လေ့ကျင့်မှုများကို စတင်တော့မည်ဖြစ်သည်။ သူမသည် Lekra (လူသားများ၏ ယဉ်ကျေးမှုများဆိုင်ရာ အင်စတီကျု – Institute of People’s Culture) က စီစဉ်သည့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို နှစ်သက်ခဲ့ပြီး အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) နှင့် ဆက်စပ်နေသည့် Gerwani က စီစဉ်ပေးသည့် မူကြိုကျောင်းတွင် ကလေးများကို စာသင်ကြားပေးခဲ့သည်။

၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် Kadmi နှင့် အိမ်နီးနားချင်း ၁၀ ဦးကို သူတို့၏ နေအိမ်မှ ရပ်ကွက်ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ခရိုင်ရုံးခွဲသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးတွင် Bantul ရှိ စခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။  ထိုနေရာတွင် တစ်နှစ်ကျော်ကြာ အဖမ်းခံခဲ့ရပြီး  အစားအစာကို လုံလောက်စွာ မစားသောက်ခဲ့ရပါ။  ဂေါ်ဖီထုပ်ရွက်နဲ့ ပီလောပီနံခြောက်များသာ စားသောက်ခဲ့ရသည်။ သူမ၏ဖခင်နှင့် အစ်ကိုကြီးဖြစ်သူတို့လည်း ဖမ်းဆီးခံခဲ့ရပြီး Yogyakarta ရှိ Wirogunan အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသည်။ Kadmi သည် ၁၉၆၆ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သူမ၏ဖခင်သည် ထောင်ထဲတွင်ရှိနေဆဲဖြစ်ပြီး၊ ၁၉၆၆ ခုနှစ်တွင် မွေးဖွားသော အငယ်ဆုံးကလေးဖြစ်သူအပါအဝင် မောင်နှမခုနစ်ယောက်ကို ကျွေးမွေးစောင့်ရှာက်ရန် မိခင်ဖြစ်သူကို ကူညီပေးခဲ့ရသည်။  ဖခင်ဖြစ်သူ၏ ၀င်ငွေမရှိတော့သောကြောင့် ကြီးမားသော စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမတို့ကို ဖမ်းဆီးခဲ့စဉ်တွင် သူမတို့၏အိမ်လည်း  မွှေနှောက်လုယက်ခံခဲ့ရသည်။

ကျွန်မတို့အိမ်ကို မွှေနှောက်ရှာဖွေတုန်းမှာ ရှိသမျှပစ္စည်းတွေအားလုံးကို ခိုးသွားကြတယ်။ ရွှေကွပ်ထားတဲ့ ဓါးရိုးပါတဲ့ Keris (ရိုးရာဓားမြှောင်) အပါအဝင် သူတို့လိုချင်တာအားလုံး ယူသွားကြတယ်။ ကျွန်မတို့ရဲ့ ပိုက်ဆံနဲ့ Gamelan ဂီတတူရိယာတစ်စုံကိုလည်း ယူသွားတယ်။

၁၉၆၇ ခုနှစ်တွင် သူမအား Camp Bantul သို့ ထပ်မံခေါ်ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်တွင် စခန်းအုပ်မှူး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။

ကျွန်မကို စစ်ဆေးမေးမြန်းတဲ့ လူတွေက အစိုးရရှေ့နေရုံးနဲ့ ခရိုင်စစ်ရုံးကပါ။ ကျွန်မတို့ဟာ ကိုယ်လုံးတီးချွတ်ခံရပြီး … ကျွန်မဆိုလိုတာကို နားလည်တယ်မဟုတ်လား။ အဲဒီအကြောင်းကို ပြောဖို့ အရမ်းရှက်တယ်။ အဖြစ်အပျက်ကတော့ တခြားအမျိုးသမီး အကျဉ်းသားတွေ ကြုံဖူးကြသလိုပါပဲ။ … သူတို့ ဆန္ဒတွေ ဖြည့်ဆည်းဖို့ သက်သက်လုပ်ခဲ့တာ။ ကျွန်မတို့က ဆုတောင်းဖို့ပဲ တတ်နိုင်ခဲ့တယ် ….အို ဘုရားသခင်၊ သူတို့ ဘာကြောင့် ဒီလိုမျိုးဖြစ်တာလဲ။ သူတို့ကို ခွင့်လွှတ်ပါ။”

သူမထံ မည်သူမျှလာရောက်လည်ပတ်ခြင်း မရှိခဲ့သလို သူမလွတ်မြောက်လာချိန်တွင် သူမ၏အသိုင်းအဝိုင်း၏ အကျဉ်ထားခဲ့ရသည်။ Kadmi သည် သူမ၏မိသားစုကို ရှာဖွေကျွေးမွေးသူဖြစ်လာသည်။ နံနက် ၃ နာရီတွင် အိပ်ရာထပြီး ၁၀ ကီလိုမီတာဝေးသော ဈေးသို့ ခြေကျင်လမ်းလျှောက်ပြီး ပြောင်းဖူးမွှေး အစားအစာတစ်မျိုးဖြစ်သော Grontol ကို ရောင်းချခဲ့ပါသည်။ သူမသည် ထိုအချိန်ကို ဝမ်းနည်းမှုများဖြင့် အမှတ်ရသော်လည်း သူမမိသားစု၏ စီးပွားရေး ရှင်သန်မှုအတွက် သူမလုပ်ရမည်ကို သိခဲ့ပါသည်- ကုန်ကျစရိတ်အားလုံး ကျွန်မပခုံးပေါ် ရောက်လာတယ်။

၁၉၇၂ ခုနှစ်တွင် Kadmiyati နှင့် အိမ်ထောင်ပြုခဲ့ပြီး သူတို့၏ မိသားစုကိုထောက်ပံ့ရန် ဇနီးမောင်နှံနှစ်ဦးလုံး ကြိုးစားခဲ့သည်။ သူမသည် tepung ketan (ကောက်ညှင်းမှုန့်) ကိုပြုလုပ်ပြီး ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းသည့် ခင်ပွန်းဖြစ်သူနှင့်အတူ အလုပ်လုပ်ခဲ့သည်။ ဘဝမှာ ခက်ခဲပြီး ငွေအလုံအလောက် မရှာနိုင်ကြပေ။ သူမသည် သူ့မိဘများကို ဈေးထဲတွင် ကြက်သွန်နီနှင့် ငရုတ်သီးရောင်းရန် ကူညီပေးနေသေးသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် နှစ်ပေါင်း ၄၀ ကြာ အသုံးပြုနေဆဲဖြစ်သော စက်ဘီးတစ်စီးကို ဝယ်ယူနိုင်ခဲ့သည်။ Kadmi သည် အပိုဝင်ငွေ ရရှိရန်အတွက် အိတ်များကို စတင်ချုပ်လုပ်ခဲ့ပြီး သူမ၏ခင်ပွန်းသည်လည်း မုန့်ဆိုင်တစ်ခုတွင် စတင်လုပ်ကိုင်ခဲ့သည်။ သူတို့တွင် သမီးနှစ်ယောက်ရှိပြီး မိသားစုမှာလည်း နှစ်အတန်ကြာသည်အထိ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ သူမ၏ အိတ်များ ရောင်းအားကောင်းလာပြီး Kadmi သည် သူမ၏ မိသားစုကို ထောက်ပံ့ပေးနိုင်သည့်အပြင် အငယ်ဆုံး ညီမဖြစ်သူအတွက်လည်း အထက်တန်းကျောင်းစရိတ် ထောက်ပံ့ပေးနိုင်ခဲ့သည်။

Kadmiyati ၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ကွယ်လွန်ခဲ့သည်။ အပ်ချုပ်ခြင်းနှင့် ကြက်မွေးမြူခြင်းနှင့် မြေးများကို ကူညီပေးခြင်းတို့ ပြုလုပ်နေဆဲဖြစ်​ပြီး တက်ကြွစွာပင် ဘဝကို ရှင်သန်နေပါသည်။ သူမ၏အိမ်မှ ဆယ်မိနစ်ခန့် စက်ဘီးစီးရသော ဘုရားကျောင်းလှုပ်ရှားမှုများကို တက်ရောက်လျှက်ရှိသည်။

Kadmiyati သည် ယခုဆိုလျှင် အသက် ၇၁ နှစ် ရှိနေပြီဖြစ်သည်။ အခန်းနှစ်ခန်းပါသော သစ်သားအိမ်ငယ်လေးတွင် သူမနေထိုင်နေသည်။ အိမ်ရှေ့ခန်းသည် အိတ်များ၊ ၀တ်စုံများ၊ ဦးထုပ်များနှင့် ခါးပတ်များ ချုပ်သည့် အလုပ်ရုံဖြစ်သည်။ အထည်အလိပ်များ၊ ချည်မျှင်များ၊ ခြေထောက်အားသုံး အပ်ချုပ်စက်များဖြင့် ပြည့်နှက်နေသည်။ နောက်ဖေးခန်းက မှောင်၍စိုစွတ်ပြီး ကုတင်သေးသေးလေးတစ်လုံး၊ စားပွဲနဲ့ စာအုပ်များပြည့်နက်နေသော စာအုပ်စင်တို့ရှိသည်။ Kadmi သည် မှိတ်တုတ်မှိတ်တုတ် မီးသီးအလင်းဖြင့် ညနက်သည်အထိ စာဖတ်လေ့ရှိသည်။ သူ့အိမ်နှင့် ကပ်လျက်တွင် ခေတ်မီကွန်ကရစ် နှစ်လုံးတွဲဖြစ်ပြီး သမီးနှစ်ဦးနှင့် မြေးများ နေထိုင်ကြသည်။ သူမ၏ကိုယ်ပိုင်လိုအပ်ချက်များကို ဘေးဖယ်ထားကာ သူမ၏ ဘဝတစ်ခုလုံးကို သူမ၏ သားသမီးများအတွက် မြုပ်နှံထားသည်။

သူမနှင့် သူမ၏မိသားစု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက Kadmiyati ကို ခြောက်လန့်နေဆဲဖြစ်သည်။ “ကျွန်မကို စောင့်ကြည့်နေဆဲမို့လို့ စိုးရိမ်နေတုန်းပဲ”။ တရားမျှတမှုကို မည်ကဲ့သို့ မြင်ယောင်သနည်းဟု မေးမြန်းသောအခါတွင် 

အစိုးရက အမှန်တရားကို ထုတ်ဖော်ရင်တော့ တရားမျှတမှု နည်းနည်း ရရှိလိမ့်မယ်” ဟု ပြောခဲ့သည်။ ထပ်မံ၍ အသေးစိတ်ရှင်းပြရန် မေးမြန်းရာတွင် သူမက ၁၉၆၅ ခုနှစ်တွင် အကြမ်းဖက်ခံခဲ့ရသူတွေအနေနဲ့ တရားမျှတမှု ရရှိဖို့ကို မျှော်လင့်သလို တောင်းဆိုတယ်။ လူသန်းပေါင်းများစွာကို အားရဝမ်းသာခံတွင်းတွေ့ ညှဉ်းပန်းနှိပ်စက်တာ၊  သတ်ဖြတ်တာတွေနဲ့ ၁၄ နှစ်ကြာ ထိန်းသိမ်းခံထားရသူတွေ အတွက် တရားမျှတမှုကို တောင်းဆိုပါတယ်။ ဘယ်အချိန်မှာ ဥပဒေကို ပြဌာန်းမလဲ။ … ဘယ်သူတွေက အားရဝမ်းသာခံတွင်းတွေ့ဆောင်ရွက်ခဲ့ပြီးတော့ ရက်စက်တာလဲ။ ကွန်မြူနစ်တွေလား? ဒါမှမဟုတ် သတ်ဖြတ်မှု ကျူးလွန်သူတွေလား။ အမှန်တရားကို ရှာဖွေထုတ်ဖော်ပေးပါ။

Kadmiyati သည် မိသားစု၊ အပ်ချုပ်ခြင်း၊ ဘုရားကျောင်းရှိ သူငယ်ချင်းများ၊ သူမ၏ယုံကြည်ခြင်း နှင့် အလယ်ပိုင်းဂျာဗားတွင် အခြေစိုက်သည့် ၁၉၆၅ မှ အသက်ရှင်ကျန်ရစ်သူများအတွက် အမျိုးသမီးအဖွဲ့အစည်း KIPPER တွင်ပါဝင်လှုပ်ရှားခြင်း များမှတဆင့် ခွန်အားကို ရယူခဲ့သည်။ သူမက အကြမ်းဖက်မှုကို ဖြိုခွင်းဖို့၊ တရားမျှတမှုရဖို့ တိုက်ပွဲဝင်နေရလို့ အခုဆို ပိုပြီးတော့ စွမ်းအင်ထက်သန်လာသလို ခံစားရတယ်၊ အထီးကျန်မနေတော့ဘူး ဟုပြောသည်။