ပီနိုချေးစစ်အာဏာရှင်အုပ်ချုပ်မှု (၁၉၇၃ – ၁၉၉၀) အဆုံးသတ်ပြီးနောက် ချီလီနိုင်ငံတွင် နိုင်ငံတော်က ဦးဆောင်၍ ပြန်လည်ကုစားရေးအစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အမျိုးသား အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်သည် ၎င်း၏ အစီရင်ခံစာတွင် ဖော်ထုတ်တင်ပြထားသော ကျူးလွန်ခံရသူများအတွက် ပြန်လည်ကုစားရေး အစီအမံအမျိုးမျိုးကို အကြံပြုခဲ့သည်။ ထို့အပြင် ကော်မရှင်၏ ထောက်ခံအကြံပြုချက်များကို နောက်ဆက်တွဲ ဆက်လက်ဆောင်ရွက်ရန်နှင့် ကျူးလွန်ခံရသူများကို ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ကုစားရေးကော်ပိုရေးရှင်း (NCRR) ကို တည်ထောင်ရန်လည်း ထောက်ခံအကြံပြုခဲ့သည်။
လေးနှစ်ကြာအောင် ကော်ပိုရေးရှင်းက အမှုအခင်းများကို လေ့လာစစ်ဆေးခဲ့ပြီး ကျူးလွန်ခံရသူအဖြစ် သတ်မှတ်ချက်အရည်အချင်းပြည့်မှီသူများကို ဖော်ထုတ်ခဲ့သည်။ ကော်ပိုရေးရှင်း၏ ဆောင်ရွက်ချက်များထဲမှ အောင်မြင်မှုအနည်းဆုံးကဏ္ဍမှာ အစပျောက်ဆုံးနေသော ထိန်းသိမ်းခံရသူများ၏ တည်နေရာ သို့မဟုတ် ကံကြမ္မာကို စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။
ကျူးလွန်ခံရသူများအနေဖြင့် သူတို့ရထိုက်သော ထောက်ပံ့မှုများကို ရရှိခံစားစေရေး ဆက်လက်အရှိန်မြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် NCRR က လူမှုရေးနှင့် ဥပဒေရေးရာ အထောက်အကူပေးရေး အစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၎င်းတို့တွင် ကျူးလွန်ခံရသူများအပေါ် မှီခိုနေရသူများအတွက် လစဉ်ပင်စင်လစာထောက်ပံ့ကြေးများ၊ စိုက်ပျိုးမြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များမှ ဖယ်ထုတ်ထားသော တောင်သူလယ်သမားများအတွက် ပင်စင်လစာများ၊ ပြန်လည်ကုစားရေးနှင့် ပေါင်းစည်းကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် (PRAIS) မှတဆင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပြန်လည်ဝင်ရောက်လာသော ပြည်နှင်ဒဏ်ပေးခံရသူများအတွက် ပြန်လည်ကုစားမှုများနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီများ ပါဝင်သည်။
NCRR သည် ပညာရေးနှင့် ယဉ်ကျေးမှုအစီအစဥ်တစ်ခု၊ ဥပဒေရေးရာလေ့လာရေးနှင့် သုတေသနအစီအစဉ်တစ်ခုနှင့် မော်ကွန်းတိုက်နှင့် မှတ်တမ်းတင်ပြုစုရေးစင်တာတစ်ခုကိုလည်း တည်ထောင်ခဲ့သည်။ NCRR သက်တမ်း ကုန်ဆုံးပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနအတွင်း အမြဲတမ်းလူ့အခွင့်အရေးအစီအစဉ်ကို ဖန်တီးဖွဲ့စည်းခဲ့သည်။
အကျဉ်းချထားခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်လာသူများကို ချန်လှပ်ခြင်းနှင့်အပေါ် ဝေဖန်ကန့်ကွက်မှုများကြောင့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေးအကြောင်းကြောင့် အကျဉ်းချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အမျိုးသားကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ဤကော်မရှင်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ အမျိုးသမီး ၃၄၀၀ ခန့်အပါအဝင် ညှဉ်းပန်းနှိပ်စက်ခံရသူ ၂၈၄၅၉ ဦးကို ဖော်ထုတ်ခဲ့သည်။ ဤကော်မရှင်မှ ဖော်ထုတ်ခဲ့သော ညှဉ်းပန်းနှိပ်စက်ခံရသူများအတွက် နှစ်စဉ်ပင်စင်လစာ အမေရိကန်ဒေါ်လာ ၂၃၀၀ – ၂၆၀၀ (USD2,300–USD2,600) ပေးအပ်ရန် နောက်ဆက်တွဲဥပဒေကို ပြဌာန်းခဲ့သည်။
အကျဉ်းထောင်တွင်မွေးဖွားခဲ့သော သို့မဟုတ် မိဘများနှင့်အတူ ထိန်းသိမ်းခံထားရသော ကလေးများသည် တစ်လုံးတစ်ခဲတည်း ပေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၈၀၀ ခန့် ရရှိမည်ဖြစ်သည်။ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်လာသူများအတွက် အခြားသော ပြန်လည်ကုစားရေးအစီအစဉ်များတွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျယ်ပြန့်သော ပြန်လည်ကုစားရေး အစီအစဉ်များ ရရှိခွင့်၊ တက္ကသိုလ်တက်ရန် ပညာသင်ဆုများနှင့် ၎င်းတို့၏ သားသမီးများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်များ ပါဝင်သည်။ အစိုးရ၏ အဆိုအရ ၂၀၀၀ – ၀၈ ခုနှစ်အကြား အမျိုးမျိုးသောပြန်လည်ကုစားရေးအစီအစဉ်များအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော်ကို ပေးအပ်ခဲ့သည်။
၂၀၁၀ ခုနှစ်အတွင်း ဆန်တီရေးဂိုမြို့တွင် ထိုစဉ်က သမ္မတဖြစ်သူ Michelle Bachelet မှ တွင်ဖွင့်လှစ်ခဲ့သော အောက်မေ့သတိရခြင်းနှင့် လူ့အခွင့်အရေးပြတိုက် (Museum of Memory and Human Rights) သည် ပီနိုချေး အစိုးရလက်ထက် ၁၉၇၃ မှ ၁၉၉၀ အတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းခံရသူများအား အောက်မေ့ဖွယ်အမှတ်တရ အထိမ်းအမှတ် ပြုခြင်းဖြစ်သည်။