Select Page
Topic Progress:

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီး နှစ်ပေါင်း သုံးဆယ်ကျော်ကြာပြီးနောက်တွင် ဖိလစ်ပိုင်နိုင်ငံသည် ဆယ့်လေးနှစ်ကြာ စစ်အုပ်ချုပ်ရေး (၁၉၇၂-၁၉၈၆) ကာလအတွက် မားကို့စ်အုပ်ချုပ်ရေး အစိုးရအဖွဲ့ဝင်များကို တာဝန်ယူတာဝန်ခံစေရန် ကြိုးပမ်းဆောင်ရွက်မှုများမှာ ကြီးမားသော စိန်ခေါ်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ အာဏာရှင်ခေတ်လွန်ကာလတွင် နိုင်ငံတော်က ဦးဆောင်သော ပြန်လည်ကုစားပေးခြင်း အစီအစဉ်များ ပေါ်ပေါက်လာအောင် တွန်းအားပေးခဲ့သည့် အောက်ပါယန္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

  • ၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံများအားလုံးကို စုံစမ်းစစ်ဆေးရန်တာဝန်ပေးထားသော လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင် (CHR) ကို တည်ထောင်ရန် အာမခံထားသည်။
  • သမ္မတကိုရာဇွန်အကွီနို (Corazon Aquino) သည် တော်လှန်ရေးအစိုးရအောက်တွင် သူမ၏ ဥပဒေပြုအာဏာများကို ကျင့်သုံးပြီး သမ္မတ၏ကောင်းမွန်သောအစိုးရ ကော်မရှင် (PCGG) ကို တည်ထောင်ရန် ခွင့်ပြုသည့် အုပ်ချုပ်ရေးအမိန့်အမှတ် ၁၊ ၁၉၈၆ ကို ထုတ်ပြန်ခဲ့သည်။
  • ဥပဒေက သမ္မတ Ferdinand E. Marcos နှင့် သူ၏မိသားစု၊ ဆွေမျိုးများနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များက မတရားသဖြင့် စုဆောင်းရရှိထားသော ဓနဥစ္စာများကို ပြန်လည်ဖော်ထုတ်ရယူသိမ်းဆည်းရန် PCGG အား လုပ်ပိုင်ခွင့်ပေးထားသည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတ Benigno S. Aquino III က ပြည်သူ့နိုင်ငံတော်ဥပဒေအမှတ် ၁၀၃၆၈ (Republic Act No. 10368) သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစားပေးရေးနှင့် အသိအမှတ်ပြုရေး ဥပဒေ (၂၀၁၂) ကို လက်မှတ်ရေးထိုးခဲ့သည်။
  • ဥပဒေအရ အာဏာရှင်မားကို့စ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူများ၏ ပြန်လည်ကုစားမှု တောင်းဆိုခြင်းများအတွက် ဆုံးဖြတ်စီရင်ပေးရန် တာဝန်ပေးအပ်ထားသော တရားစီရင်ရေးတစ်ပိုင်းအဖွဲ့ဖြစ်သည့် လူ့အခွင့်အရေးကျူးလွန်ခံရသူများ၏ တောင်းဆိုရေးဘုတ်အဖွဲ့ (HRVCB) ကို ဖွဲ့စည်းခဲ့သည်။
  • လျှောက်ထားသူ ၇၅၇၃၀ ဦးထဲမှ ပြန်လည်ကုစားမှု လျှော်ကြေးငွေ ရရှိသည့် ပထမ ၄၀၀၀ ဦး စာရင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဘုတ်အဖွဲ့သည် ထုတ်ပြန်ခဲ့သည်။

ဤအစိုးရဦးဆောင်သော အစီအစဉ်များအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်သည့် အစီအစဉ်လည်း အများအပြားရှိပါသည်။

  • အစဖျောက်ခံရပြီး ပျောက်ဆုံးသွားသူများ၏ မိသားစုများ (FIND) က ပြည်သူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော သူများကို အောက်မေ့သတိရရန် ရည်စူး၍ ရဲစွမ်းသတ္တိ၏မီးတောက် အထိမ်းအမှတ်ရုပ်ထု မနီလာမြို့၊ Baclaran တွင် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ကက်သလစ် ဘုန်းတော်ကြီး Fr. ရူဒီ ရိုမာနို အစပျောက်ဆုံးမှု ၉ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ်လည်း ထိုနေ့ကို အထိမ်းအမှတ်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုအထိမ်းအမှတ်ရုပ်ထုတွင် မီးရှူးတိုင်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး၊ သူမ၏ ဘေးတွင်  ဖခင်ဖြစ်သူ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားသော ကလေးငယ်တစ်ဦးတို့ပါဝင်သည်။ မိခင်နှင့်ကလေးသည် ပျောက်ဆုံးသွားသော ချစ်ရသူများနှင့် ပြန်လည်ဆုံစည်းရန်အတွက် မျှော်လင့်နေကြသော မိသားစုပေါင်းများစွာ၏ မျှော်လင့်ချက်များကို သင်္ကေတဖြင့် ကိုယ်စားပြုသည်။
  • ၂၀၀၇ ခုနှစ်တွင် Bantayog ng mga Bayani သို့မဟုတ် သူရဲကောင်းများအတွက်ရုပ်ထု ကို မနီလာရှိ Quezon City တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော သူရဲကောင်းများအတွက် ရည်စူးထားသည့် ဤအောက်မေ့ဖွယ်စင်တာတွင် ယခင်ကတည်ဆောက်ခဲ့သော အမှတ်တရ အထိမ်းအမှတ်ရုပ်တုအဆောက်အဦးနှစ်ခုဖြစ်သည့် အောက်မေ့သတိရခြင်းတံတိုင်းနှင့် အမိမြေကို ကိုယ်စားပြုပုံဖော်ထားသည့် အမျိုးသမီးက သူမ၏လက်ဖြင့် ဖက်တွယ်ဆွဲကိုင်ထားသည့် ကျဆုံးသွားသော အမျိုးသားတစ်ဦးကို ပြသသည့် Inang Bayan အထိမ်းအမှတ်ရုပ်တုနှင့် ခုခံတော်လှန်ရေး လှုပ်ရှားမှု၏ အမှတ်တရပစ္စည်းများကို ထိန်းသိမ်းထားသော ပြတိုက်သစ် တစ်ခုတို့ ပါဝင်သည်။ 
  • စစ်အုပ်ချုပ်ရေးပြတိုက် (The Martial Law Museum) သည် ဖိလစ်ပိုင်ရှိ စစ်အုပ်ချုပ်ရေးကာလအကြောင်း အခြားသူများအား ပညာပေးရန်နှင့် ထိုကာလအတွင်းကျူးလွန်ခံရသူများအား အောက်မေ့သတိရ အထိမ်းအမှတ်ပြုရန်အတွက် Ateneo de Manila တက္ကသိုလ်က ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အွန်လိုင်းပြတိုက်တစ်ခု ဖြစ်သည်။