Select Page
Topic Progress:

တောင်အာဖရိကနိုင်ငံတွင် အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (TRC) က ကောက်ယူထားသော ကျူးလွန်ခံရသူများ၏ အမည်စာရင်းတွင် အမည်များပါရှိသောသူများနှင့် TRC သို့ သက်သေခံထွက်ဆိုချက်များ ပေးအပ်သောသူများသာ တစ်ဦးချင်းစီအလိုက် ပြန်လည်ကုစားပေးရေးအစီအစဉ်များအတွက် အကျိုးခံစားခွင့်ရှိသူအဖြစ် အလားအလာရှိကြောင်း ကန့်သတ်ထားသည်။

TRC ၏ ၁၉၉၈ ခုနှစ် အစီရင်ခံစာအတွင်း ပြန်လည်ကုစားရေးအစီအစဉ်များတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်လစာများ၊ အကြီးတန်း (senior) အလယ်တန်းကျောင်းအဆင့်အထိ ပညာရေးထောက်ပံ့မှု၊ ကျွမ်းကျင်မှုသင်တန်းများနှင့် ထိခိုက်လွယ်သော ကျူးလွန်ခံရသူ အထူးအမျိုးအစားများအတွက် အသေးစားချေးငွေနှင့် အသေးစားလုပ်ငန်း အစီအစဉ်များ ပါ၀င်ရန် အကြံပြုထားသည်။ တောင်အာဖရိကအစိုးရက TRC ၏ အကြံပြုချက်များကို ဆောင်ရွက်ခြင်း မရှိခဲ့သော်လည်း အသိအမှတ်ပြုခံရသော ကျူးလွန်ခံရသူများကို တစ်လုံးတစ်ခဲတည်း ငွေကြေးထောက်ပံ့မှု  ပေးအပ်ခဲ့သည်။

လူမှုအဖွဲ့အစည်းအလိုက် ပြန်လည်ကုစားခြင်းအစီအစဉ်များနှင့် ပညာရေးကျန်းမာရေး ထောက်ပံ့ရန် မူဝါဒများကို ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ချက်ကို ၂၀၁၁ ခုနှစ်တွင် အစိုးရက ကြေငြာခဲ့သော်လည်း ယင်းအစီအစဉ်များကို လူထု၏ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှုဖြင့် မဖော်ဆောင်နိုင်ခဲ့ပေ။ ကျူးလွန်ခံရသူ စုစုပေါင်း ၁၆၀၀၀ ခန့်ကသာ တလုံးတခဲတည်း အချိုးကျပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀၀ ကို လက်ခံရရှိခဲ့ပါသည်။ လူမှုအဖွဲ့အစည်းအလိုက် ပြန်လည်ကုစားခြင်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏  ပူးပေါင်းပါဝင်မှု အချို့ရရှိခဲ့သော်လည်း စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ပင် လုံလောက်မှုမရှိခဲ့ပေ။ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများ ဖော်ဆောင်ရန် ကြိုးပမ်းမှုများတွင်လည်း အလားတူပင် ကြုံတွေ့ခဲ့ရပြီး ထိရောက်မှုမရှိကြောင်း သက်သေပြထားဖြစ်သည်။

အစိုးရက အလေးထားသည့် TRC ၏ လျှို့ဝှက်ထားသော ကျူးလွန်ခံရသူများ၏ စာရင်းတွင်ပါဝင်သူများသာ ပြန်လည်ကုစားမှု အစီအစဉ်များ ရရှိအကျိုးခံစားရရန် အရည်အချင်းပြည့်မီပါသည်။ TRC ၏ လုပ်ငန်းစဉ်များ ကုန်ဆုံးပြီးနောက်တွင် အမှန်တရားစုံစမ်းရေးကော်မရှင် လုပ်ငန်းစဉ်ကို လက်လှမ်းမမှီနိုင်ခဲ့သော ကျူးလွန်ခံရသူများအတွက် မှတ်ပုံတင်ခြင်းကို ပြန်လည်ဖွင့်လှစ်လက်ခံရန် အစိုးရက ငြင်းပယ်ခဲ့ပြီး သောင်းနှင့်ချီသော ကျူးလွန်ခံရသူများမှာ ပြန်လည်ကုစားခြင်းအစီအစဉ်များကို ခံစားရရှိခြင်း မရှိခဲ့ပါ။ တစ်ချိန်တည်းမှာပင် နစ်နာသူများ၏ အစုအဖွဲ့များကလည်း ပြန်လည်ကုစားမှုအစီအစဉ်များ ဆောင်ရွက်ပေးရန် ဆက်လက်ဖိအားပေးခဲ့သည်။

တောင်အာဖရိကရှိ ပြန်လည်ကုစားခြင်းအစီအစဉ်များ၏ နောက်ထပ်ဥပမာသာဓကတစ်ခုမှာ ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဒီမိုကရေစီအရေးအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်အတွင်း ပေါ်ပေါက်ခဲ့သော နှစ်ဖက်လုံးထိခိုက်ခဲ့သည့် (အပြန်အလှန်) အကြမ်းဖက်မှုများအတွင်း သတ်ဖြတ်ခံခဲ့ရသည့် Thokoza မြို့နယ်မှ ရာနှင့်ချီသော လူများကို ဂုဏ်ပြုရန်အတွက် ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် Thokoza အထိမ်းအမှတ်အဆောက်အဦ (Thokoza Memorial) ဖြစ်သည်။