Select Page
Topic Progress:

သတိရအောက်မေ့ပွဲများသည် ပုံစံအမျိုးမျိုးရှိနိုင်ပြီး အရွယ်အစားအားဖြင့် ဒေသခံအဖွဲ့များ၏ လုပ်ဆောင်ချက်အသေးများမှသည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသော နေရာများကို အသွင်ပြောင်းရန်ကြိုးပမ်းသည့် ခမ်းနားကြီးကျယ်သော စီမံကိန်းများအထိ အတိုင်းအတာ အမျိုးမျိုးကွဲပြားနိုင်သည်။ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်းနှင့် သင်ယူမှုများကို လှုံ့ဆော်ပေးရန်အတွက် အောက်မေ့သတိရ အထိမ်းအမှတ်၏ ပုံစံနှင့် သဘောသဘာဝကို သေချာစွာ ဆုံးဖြတ်သင့်သည်။ အောက်မေ့သတိရ အထိမ်းအမှတ်များ အပေါ်  အများပြည်သူများက အသိအမှတ်ပြုခြင်းနှင့် နိုင်ငံတော်၏ အသိအမှတ်ပြုခြင်း မှသည် ပုဂ္ဂိုလ်ရေးရောင်ပြန်ဟပ်ခြင်းသို့လည်းကောင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ဂုဏ်ယူခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းစိတ်မကောင်းခြင်း သို့မဟုတ် အတိတ်က အဖြစ်အပျက်များကို သိလိုစိတ်များဖြစ်ပေါ်လာခြင်းကဲ့သို့သော တုံ့ပြန်မှုပေါင်းများစွာ ပေါ်ပေါက်လာစေနိုင်သည်။ ကောင်းမွန်စွာ ပုံစံရေးဆွဲ ဒီဇိုင်းပြုလုပ်ထားသော အောက်မေ့ သတိရခြင်း အထိမ်းအမှတ်သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကို များစွာ အထောက်အကူ ပြုနိုင်သည်။ အောက်မေ့သတိရခြင်း အထိမ်းအမှတ်များတွင် ပုံစံအမျိုးမျိုးဖြင့် အမျိုးသမီးများ၏ ပါဝင်မှုများ၊ ချိုးဖောက်မှုများနှင့် ပဋိပက္ခများ၏ အမျိုးသမီးများအပေါ် သက်ရောက်မှုများ ပတ်သက်၍ မကြာခဏဆိုသလို မျက်ကွယ်ပြု တိတ်ဆိတ် နေတတ်သည်။ အောက်မေ့ သတိရခြင်း အထိမ်းအမှတ်ကို ဒီဇိုင်းပုံစံရေးဆွဲရာ တွင် ထိုကိစ္စရပ်များကို ထည့်သွင်း စဉ်းစားရန် အထူးဂရုပြုသင့်သည်။

တည်ဆောက်ထားသော အောက်မေ့သတိရ အထိမ်းအမှတ်မျာ

တည်ဆောက်ထားသော အောက်မေ့သတိရ အထိမ်းအမှတ်များသည် တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုကို အောက်မေ့သတိရရန်အတွက် နိုင်ငံတကာ၊ ဒေသတွင်း၊ နိုင်ငံတော် သို့မဟုတ် ဒေသခံအဆင့် တည်ဆောက်ထားသော ပုံစံများ သို့မဟုတ် အဖွဲ့အစည်းများ ဖြစ်သည်။ အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  • ပြတိုက်များနှင့် အထိမ်အမှတ်ပြု စာကြည့်တိုက်များ
  • ကျူးလွန်ခံရသူများ၏ အမည်များကို ရေးထိုးထားသော နံရံများအပါအဝင် ကျောက်တိုင်များနှင့်
  • အင်တာနက်ပေါ်မှ အောက်မေ့သတိရခြင်းအထိမ်းအမှတ် သို့မဟုတ် ပြတိုက်များ

အောက်မေ့သတိရခြင်း နေရာများ

ရှာဖွေတွေ့ရှိခဲ့သော အောက်မေ့သတိရ အထိမ်းအမှတ်များဟုလည်း ခေါ်ဆိုသည့် Sites of Conscience များသည် ယခင်က ၎င်းတို့ကို အသုံးပြုခဲ့သည့် အကြောင်းအရာများအတွက် အောက်မေ့သတိရခြင်းပုံစံဖြင့် အသုံးပြုထားသော အဆောက်အဦပုံစံများနှင့် နေရာများ ဖြစ်သည်။ သင်္ချိုင်းများ၊ ညှဉ်းပန်းနှိပ်စက်သည့် စင်တာဟောင်းများ၊ ချွေးတပ်စခန်းများ၊ ယခင်အာဏာရှင်ဟောင်းများက အသုံးပြုခဲ့သည့် အဆောက်အဦများ၊ အစုအပြုံလိုက် သတ်ဖြတ်ထားသည့် သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်ခံထားရသည့်နေရာများ ဖြစ်ပြီး  ပြတိုက် သို့မဟုတ် အောက်မေ့သတိရ အထိမ်းအမှတ်ပြု ပြောင်းလဲထားသည့်နေရာများ ဖြစ်သည်။

စစ်အာဏာသိမ်းသည့်နေ၊ စစ်ပွဲများဖြစ်ပွားရာနေ့၊ ပဋိပက္ခ သို့မဟုတ် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အခြားနေ့ရက်များသည် အတိတ်ကာလ အဖြစ်အပျက်များကို အောက်မေ့ သတိရခြင်း အထိမ်းအမှတ်ပြုနိုင်သည့် အရေးကြီးသောအခွင့်အရေးများ ဖြစ်သည်။ အစိုးရများသည် ထိုနေ့ရက်များကို မကြာခဏဆိုသလို နိုင်ငံတော်အားလပ်ရက်များအဖြစ် ကျင်းပလေ့ရှိပြီး အတိတ်အဖြစ်အပျက်များကို လေးစားသမှုပြုရန်အတွက် နိုင်ငံသားများကို အားပေးအားမြောက် ပြုကြသည်။

သတိရခြင်းအခြားသောပုံစံများ

သတိရမှုကို ရေးဆွဲခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ရေးဆွဲခြင်းကို အာရုံစိုက်သည့် လှုပ်ရှားမှုများသည် စိတ်မနောဖြင့် အောက်မေ့သတိရ အထိမ်းအမှတ်ပြုခြင်း ပုံစံတစ်ခု ဖြစ်သည်။ အချို့ဖြစ်စဉ်များတွင် အခြားသူများ၏ အတွေ့ကြုံများကို ကိုယ်ချင်းစာနာတတ် လာစေရန် အလွန်အားကောင်းသော နည်းလမ်းများဖြစ်သည်။ အခြားပုံစံဖြင့် အောက်မေ့သတိရ အထိမ်းအမှတ် ပြုခြင်းများတွင် အောက်ပါဥပမာတို့ ပါဝင်ပါသည်။ 

  • အမွေအနှစ်ခရီးလမ်းကြောင်းကို လည်ပတ်လေ့လာခြင်းများ သို့မဟုတ် ချီတက်ပွဲများ
  • ဆန္ဒထုတ်ဖော်ခြင်း သို့မဟုတ် မီးထွန်း၍ ဆုတောင်းမေတ္တာပို့သခြင်း
  • လမ်းလျှောက် လေ့လာရေးခရီးစဉ်နှင့် စုပေါင်းစီတန်းလမ်းလျှောက်ပွဲများ
  • လူသိရှင်ကြား ဝန်ချတောင်းပန်ခြင်း 

အောက်မေ့ဖွယ်အထိမ်းအမှတ်များသည် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်ပြီး အောက်မေ့သတိရမှု အမှတ်တရများကို ဆက်လက်ရှင်သန်စေသည့် လုပ်ငန်းစဉ်များဖြစ်သည်။ အထိမ်းအမှတ် အဆောက်အဦများသည် အစဉ်အလာအားဖြင့် သမိုင်းဖြစ်ရပ်တစ်ခုကို ထုတ်ဖော်ပြသခြင်း သို့မဟုတ် လူရုပ်ထုများသည် အခွင့်ထူးခံရလေ့ရှိသည့် အမျိုးသားပုဂ္ဂိုလ်များ၏ ပုံစံများဖြစ်လေ့ရှိသောကြောင့် တာဝန်ယူတာဝန်ခံမှုကို ရှာဖွေခြင်းနှင့် ဆက်စပ်နေသည့် အထိမ်းအမှတ်အဆောက်အဦများသည် ပြန်လည်ဆန်းစစ်ခြင်းနှင့် ထိတွေ့မှုများကို ဖိတ်ခေါ်ကာ ကျားမကွဲပြားမှု၊ လူမှုအဆင့်၊ လိင်လက္ခဏာနှင့် လူမျိုးစုများ အားလုံးအကျုံးဝင်မှုရှိသည့် နိုင်ငံသားများအဖြစ် ကျူးလွန်ခံရသူများ၏ ဒုက္ခဝေဒနာများကို အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို ရောင်ပြန်ဟပ်စေသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဆောင်ရွက်သူတစ်ဦးသည် အထိမ်းအမှတ် အဆောက်အဦများကို နိုင်ငံသားများအား တွေ့ဆုံဆွေးနွေးပွဲများ၊ မေးခွန်းများမေးရန်နှင့် ၎င်းတို့၏လူ့အဖွဲ့အစည်းတွင် ပါဝင်ရန် လှုံ့ဆော်ပေးသည့်အရာအဖြစ် ရှုမြင်ရန် လိုအပ်သည်။