Select Page
Topic Progress:

အနှစ်သာရအားဖြင့် အောက်မေ့သတိရခြင်းအထိမ်းအမှတ်များသည် ကျူးလွန်ခံရသူများကို အောက်မေ့သတိရသော မိသားစုများနှင့် လူမှုအသိုက်အဝန်းအတွက် အဆောက်အဦနေရာတစ်ခုကို ပေးပါသည်။ ပိုမိုကျယ်ပြန့်စွာဖြင့် အောက်မေ့သတိရခြင်းအထိမ်းအမှတ်များသည် အတိတ်က ချိုးဖောက်မှုများအား လူအသိုက်အဝန်း၏ အသိအမှတ်ပြုမှုကို ကိုယ်စားပြုပြီး ထပ်မံမဖြစ်ပွားရေး၊ လူ့အခွင့်အရေးကို ဖြည့်ဆည်းပေးရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် သံန္နိဓါန်တစ်ခုကို ပြသဆောင်ရွက်ပေးနိုင်သည်။ အောက်မေ့သတိရခြင်း အထိမ်းအမှတ်များသည် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများကို ထင်ဟပ်သည်သာမက အပြောင်းအလဲဖြစ်စေရန်လည်း အထောက်အကူပြု ဆောင်ရွက်ပေးပါသည်။ 

အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံရေး သို့မဟုတ် လူမှုရေးအင်အားများ၏ အောက်တွင် ဖုံးကွယ်ထားကြသော လူ့အဖွဲ့အစည်းများတွင် အောက်မေ့ဖွယ်အထိမ်းအမှတ်များ သို့မဟုတ် (အောက်မေ့သတိရ အထိမ်းအမှတ်များ ဆောင်ရွက်ရန်) အရပ်ဖက်အဖွဲ့အစည်းများ၏ အဆိုပြုချက်က အတိတ်က မတရားဆောင်ရွက်မှုများအပေါ် မီးမောင်းထိုးပြနိုင်ပြီး ၎င်းအား တရားဝင်အသိအမှတ်ပြုမှုကိုလည်း ရရှိစေနိုင်ပါသည်။ အချို့သောသာဓကများတွင် အောက်မေ့ဖွယ်အထိမ်းအမှတ်များသည် တာဝန်ယူတာဝန်ခံမှုသို့ ခရီးလမ်းအတွက် ပထမဆုံးခြေလှမ်းအဖြစ် ဆောင်ရွက်နိုင်သည်။ ရက်စက်ကြမ်းကြုတ်မှုများ နောက်တစ်ကြိမ် ထပ်မဖြစ်လာစေရန် ကြိုးပမ်းသည့် လူ့အခွင့်အရေး ယဉ်ကျေးမှုကို ဖန်တီးတည်ဆောက်ရာတွင် လူတစ်ဦးချင်းစီကို တိုက်ရိုက်ပါဝင်ရန် နိုးထ(လှုံ့ဆော်)ပေးခြင်းဖြင့် တက်ကြွသောနိုင်ငံသားများ ဖြစ်လာစေရန် မြှင့်တင်ပေးနိုင်သည်။

အောက်မေ့သတိရခြင်း အထိမ်းအမှတ်များသည် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ဆက်နွယ်နေသည် ဖြစ်စေ သို့မဟုတ် မဆက်နွယ်သည် ဖြစ်စေ သို့မဟုတ် လူမှုပြုပြင်ပြောင်းလဲမှု ရလဒ်များကို ဖြစ်လာစေသည်ဖြစ်စေ ရှင်သန်လွတ်မြောက်သူများအတွက် သူတို့၏ ဖြစ်ရပ်ဇာတ်လမ်းများကို ပြောပြရန် အားကောင်းသည့် ပလက်ဖောင်း (နေရာ) တစ်ခုကိုလည်း ဖန်တီးပေးသည်။ ယနေ့ကာလတွင် တည်ဆောက်ခဲ့သော ပြတိုက်အသစ်နှင့် အမွေအနှစ်နေရာအသစ်များသည် (တစ်စုံတစ်ခုဖြစ်ပွားရာ) နေရာ သို့မဟုတ် အဖြစ်အပျက်တစ်ခု၏ ဖြစ်စဉ်အကြောင်းအရာများကို ပြောပြသည့် နှုတ်ပြောသမိုင်းသက်သေများကို အမြဲတမ်းနီးပါး ထည့်သွင်းထားကြသည်။ ၎င်းသည် သာမန်လူပုဂ္ဂိုလ်များ၏ အဖြစ်အပျက် အတွေ့အကြုံများကို ကြားသိစေနိုင်ပြီး (တစ်စုံတစ်ခုဖြစ်ပွားရာ) နေရာတစ်ခုသည် တစ်ချိန်က ဆိုးရွားပြင်းထန်သော ချိုးဖောက်မှုပုံစံများကို ကြုံတွေ့ခံစားခဲ့ရသူများ၏ ပြင်းထန်သောစိတ်ခံစားချက်များကို ဖော်ပြပေးနိုင်သည်။

အခြားတစ်ဖက်တွင် ကျူးလွန်ခံရသူများ၏ ဖြစ်စဉ်အတွေ့အကြုံများကို ငြင်းပယ်ထားသည့် အောင်နိုင်သူအလိုကျ (လိမ်ညာ) ပြောဆိုသည့် ဖြစ်စဉ်တစ်ခု သို့မဟုတ် သမိုင်းကာလတစ်ခုအား မြှင့်တင်ရန် အောက်မေ့ဖွယ်အထိမ်းအမှတ်များကို တလွဲသုံးနိုင်သည်။ ၎င်းတို့ကို ဝါဒဖြန့်ချိခြင်းနှင့် အမုန်းတရားများကို မြှင့်တင်ရန်နှင့် နောင်မျိုးဆက်များအတွင်း ပုံဖျက်ထားသောအမှန်တရားကို စိမ့်ဝင်ပျံ့နှံ့စေရန် အသုံးပြုနိုင်သည်။ ၎င်းတို့သည် ပဋိပက္ခတစ်ခုတွင် အမျိုးသားများ၏ အခန်းကဏ္ဍများကိုသာ အထိမ်းအမှတ်ပြုပြီး အမျိုးသမီးများ၏အခန်းကဏ္ဍကို လျစ်လျူရှုခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အမျိုးသားများကို တိုက်ခိုက်ရေးသမားများအဖြစ် ပုံဖော်၍ အမျိုးသမီးများကို ကျူးလွန်ခံရသူများ သို့မဟုတ် ကြည့်ရှုစောင့်ရှောက်သူများအနေဖြင့် ပုံဖော်၍ ဖြစ်စေ၊ ထိခိုက်နိုင်သော ကျားမကွဲပြားမှု ပုံသေကားချပ်ပုံစံများကို အားဖြည့်ပေးနိုင်ပါသည်။ 

အောက်မေ့ဖွယ်အထိမ်းအမှတ်များသည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် နေရာများဖန်တီးပေးခြင်းနှင့် လူများ၏အတွေ့အကြုံများကို သက်သေပြအတည်ပြုနိုင်ရန်အတွက် လူများကို စုစည်းပေးနိုင်ပါသည်။ သို့သော် ၎င်းတို့သည် ပြိုင်ဆိုင်မှု၊ ရန်လိုမှုနှင့် ချန်လှပ်ခြင်းများကိုဖြစ်ပေါ်စေနိုင်ပြီး စိတ်ဝမ်းကွဲပြားမှုများကို ဖြစ်စေနိုင်သည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွင် အမှန်တရားကို ဖော်ထုတ်ရန်၊ တရားမျှတသော ပြန်လည်ကုစားမှုအစီအစဉ်များကို ဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက်မှုများနှင့် ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရန် အာမခံချက်ပေးရန် လူ့အဖွဲ့အစည်းတွင် ကတိကဝတ်သံန္နိဓါန်မရှိပါက အောက်မေ့ဖွယ်အထိမ်းအမှတ်များ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။

အောက်မေ့သတိရခြင်းအထိမ်းအမှတ် အစီအစဉ်တစ်ခုကို စီမံရေးဆွဲရာတွင် လိုက်နာဆောင်ရွက်သည့် လုပ်ငန်းစဉ်သည် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏အောင်မြင်မှုကို သေချာစေရန်အတွက် အလွန်အရေးကြီးပါသည်။ အောက်မေ့သတိရခြင်း အထိမ်းအမှတ် ရုပ်အဆောက်အဦထက်ပင် ပိုမို၍ အရေးကြီးနိုင်ပါသည်။ လုပ်ငန်းစဉ်ကိုယ်တိုင်က အောက်မေ့ဖွယ်အထိမ်းအမှတ်ပေါ် (အခြားသူများ၏) ယုံကြည်လက်ခံမှုနှင့် တရားဝင်မှုကို အထောက်အပံ့ပေးနိုင်သည် သို့မဟုတ် လျှော့ကျစေနိုင်ခြင်းကြောင့် အစီအစဉ်၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ပေးပါသည်။ အနှစ်သာရအားဖြင့်၊ အရေးကြီးသော သက်ဆိုင်သူများနှင့် စေ့စေ့စပ်စပ် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်မပါဘဲ အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာများက ကျူးလွန်ခံရသူများနှင့် ရှင်သန်လွတ်မြောက်သူများကို မည်သည့်အခါမျှ ကိုယ်စားပြုကြောင်း မဖော်ပြနိုင်ပါ (ကိုယ်စားမပြုနိုင်ပါ)။ လုပ်ငန်းစဉ်များကို အလေးအနက်သုံးသပ်ဆင်ခြင်ပြီး သက်ဆိုင်ရာအခြေအနေ တစ်ခုအတွက် အံဝင်ခွင်ကျအောင် ဆောင်ရွက်ဖြစ်သင့်သည်။ (ထိုလုပ်ငန်းစဉ်တွင်) ဒေသဆိုင်ရာလိုအပ်ချက်များ၊ ဦးစားပေးများနှင့် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားသင့်သည်။