Select Page
Topic Progress:

အခြေခံမူ ၃၇ – အခြားလက်နက်ကိုင်တပ်ဖွဲ့များအား (နိုင်ငံရေးခေါင်းဆောင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံအတွက် ဖွဲ့စည်းထားသော သမရိုးကျမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ) ဖျက်သိမ်းရေး/  တပ်ဖွဲ့ဝင်များကို ဖျက်သိမ်းရေးနှင့် ကလေးသူငယ်များအား လူမှုအသိုက်အဝန်းသို့ ပြန်လည်ပေါင်းစည်းရေး

  • အခြားလက်နက်ကိုင်တပ်ဖွဲ့များအား (နိုင်ငံရေးခေါင်းဆောင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံအတွက် ဖွဲ့စည်းထားသော သမရိုးကျမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ) သို့မဟုတ် နိုင်ငံတော်က ဖွဲ့စည်းထားသောအဖွဲ့များမဟုတ်သည့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖျက်သိမ်း၍ တပ်ဖွဲ့ဝင်များအား ဖျက်သိမ်းရမည်။ အထူးသဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ အပါအဝင် နိုင်ငံအဖွဲ့အစည်းများအတွင်း ရယူထားသော ရာထူးများနှင့် ချိတ်ဆက်မှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး တွေ့ရှိသည့် အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ပေးရသည်။ ထိုကဲ့သို့သော အဖွဲ့များမှ အဖွဲ့ဝင်များ၏ လူအသိုက်အဝန်းတွင် ပြန်လည်ပေါင်းစည်းရေးကို သေချာစေရန် နိုင်ငံများအနေဖြင့် ပြန်လည်ပြောင်းလဲခြင်းအစီအစဉ်ကို ရေးဆွဲသင့်သည်။
  • အထူးသဖြင့် ဘဏ္ဍာရေး သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုမှတဆင့် ထိုအဖွဲ့များကို တည်ထောင်ရန်နှင့် အင်အားကောင်းလာစေရန် အထောက်အကူပေးခဲ့သည့် တတိယအင်အားစုနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိလာစေရန် ဆောင်ရွက်ချက်သင့်သည်။
  • စစ်သားအဖြစ် စုဆောင်းခဲ့ရသော သို့မဟုတ် တိုက်ခိုက်မှုများတွင် အသုံးချခြင်းခံခဲ့ရသော ကလေးများကို တပ်ဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ပေးရမည် သို့မဟုတ် အမှုထမ်းခြင်းမှ ပြန်လွှတ်ပေးရမည်။ လိုအပ်ပါက ဤကလေးများအား သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုက်အဝန်းအတွင်းသို့ ပေါင်းစည်းမှုအတွက် သင့်လျော်သော အကူအညီအားလုံးကို နိုင်ငံများက အပ်နှင်းဆောင်ရွက်ပေးရမည်။

လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖွဲ့ဝင်များ ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး (DDR) အစီအစဉ်များသည် ပဋိပက္ခလွန်ကာလ ငြိမ်းချမ်းရေးတည်ဆောက်မှု မဟာဗျူဟာများစွာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အထူးသဖြင့် တရားရုံးများနှင့် စိစစ်ရေးအစီအစဉ်များကဲ့သို့သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အင်စတီကျူးရှင်းများသည် DDR အစီအစဉ်အများစုကို သိသိသာသာ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအပေါ် တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ခုက DDR အစီအစဉ်များတွင် ပါဝင်သူများအပါအဝင် ကျူးလွန်သူအားလုံးကို အင်အားစိုက်တရားစွဲဆိုရန် ရည်ရွယ်ကြောင်း အချက်ပြပါက၊ ၎င်းသည် လက်နက်ချရန် ချိန်ဆစဉ်းစားနေသူများအတွက် သိသာထင်ရှားသော စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အပြန်အလှန်အားဖြင့်၊ DDR အစီအစဉ်များတွင် ပါဝင်သူအားလုံးကို ဥပဒေကြောင်းအရ ကင်းလွတ်ခွင့်အပြည့်အဝပေးပါက ၎င်းတို့အနေဖြင့် ပူးပေါင်းပါဝင်ရန် (အရာအားလုံး တန်းတူညီတူဖြစ်ခြင်း) အခွင့်အလမ်းများလည်း တိုးလာမည်ဖြစ်သည်။ ဤအခြေအနေနှစ်ခုစလုံးသည် မတူညီသောအကြောင်းရင်းများကြောင့် မလိုလားအပ်သော အခြေအနေများဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များအားလုံးကို မည်သည့်တရားရုံးကမှ တရားစွဲဆိုလိမ့်မည်မဟုတ်သောကြောင့် လက်တွေ့ကျကျ မဖြစ်မြောက်နိုင်သည့် တရားစွဲဆိုမှုဖြင့် ခြိမ်းခြောက်မှုအပေါ် အခြေခံ၍ လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းမှု မလုပ်ရန် ဖျောင်းဖျတားမြစ်ခြင်းသည် ဥာဏ်အမြော်အမြင်နည်းရာ ကျပါသည်။ (မှတ်ချက် – ချိုးဖောက်သူတွေ အားလုံးကို ဘယ်တရားရုံးကမှ တရားစွဲမှာ မဟုတ်တာကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို မဖျက်ဖို့ အကြံပေးတာက အသိဥာဏ်မဲ့ရာ ကျတယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။) အခြားတဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းကြရေးအတွက် အားပေးရန် အလို့ငှာ ဆိုးရွားသော လူအခွင့်အရေးချိုးဖောက်မှုများ အားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေပြီး ကျူးလွန်ခံရသူ အစုအဖွဲ့များအကြား ကြီးမားသော နာကြည်းမှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ထိုအချက်သည် (အားလုံးကို လွတ်ငြိမ်းခွင့်ပေးခြင်းသည်) ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓလေ့များလည်း တဖြည်းဖြည့်ပျံ့နှံသွားမည်ဖြစ်ပြီး ရန်လိုတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် အထောက်အကူဖြစ်လိမ့်မည်ဖြစ်သည်။ DDR အစီအစဉ်များနှင့် တရားရုံးများကြား ဆက်ဆံရေးကို ပုံဖော်တည်ဆောက်ရန် ပိုမိုသိမ်မွေ့သော နည်းလမ်းများစွာရှိပါသည်။

ဥပမာအားဖြင့် အရှေ့တီမောရှိ ကြိုဆိုလက်ခံရေး၊ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (CRTR) သည် အဆင့်နိမ့် (မပြင်းထန်သော ပြစ်မှု) ကျူးလွန်သူများ၏ ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ရန်အတွက် အထူးဆန်းသစ်သော ချဉ်းကပ်မှုတစ်ရပ်ကို အသုံးချခဲ့သည်။ ထိုချဉ်းကပ်မှုမှာ သူတို့၏ ရာဇ၀တ်မှုများအတွက် ကျခံရမည့်ပြစ်ဒဏ်များမှ လွတ်မြောက်ခွင့်အတွက် ကြိုတင်သတ်မှတ်ချက်တစ်ခုအဖြစ် ထိုသူတို့အနေဖြင့် ရှေ့သို့ထွက်လာပြီး သူတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖြောင့်ချက်ပေးပါက ပြန်လည်သင့်မြတ်ရေး အစီအစဉ်များတွင် (အများအားဖြင့် ရပ်ရွာကောင်းကျိုးများကို ဆောင်ရွက်ခြင်း အပါအဝင်) ပါဝင်ဆောင်ရွက်ခွင့်ကို သဘောတူခွင့်ပြုပေးသည်။

 ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ခြင်းဖြင့် CRTR က ပဋိပက္ခဖြစ်နိုင်ခြေကို လျှော့ချပေးရုံသာမက အဆင့်နိမ့် (မပြင်းထန်သော) ပြစ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို တရားစွဲရန်နှင့် ထောင်သွင်းအကျဉ်းချခြင်းအတွက် တီမောနိုင်ငံသစ်၏ ကုန်ကျစရိတ်နှင့် အားထုတ်ဆောင်ရွက်ရန် လိုအပ်မှုကိုလည်း သက်သာစေခဲ့သည် (ကုန်ကျစရာမလိုအောင် ချွေတာပေးခဲ့သည်)။ ယင်းအစား ထိုပုဂ္ဂိုလ်များသည် သူတို့၏လူမှုအသိုင်းအဝိုင်းတွင် ဆက်လက်နေထိုင်နိုင်ပြီး စီးပွားရေးဆောင်ရွက်နိုင်ကာ အချို့ကိစ္စများတွင် သူတို့တာဝန်ရှိသော ပျက်စီးမှုများကို ပြုပြင်ရန် ပါဝင်ကူညီနိုင်ကြသည်။ ဤ DDR အစီအစဉ်သည် မပြင်းထန်သော ပြစ်မှုကျူးလွန်သူများအတွက်သာ အတိအလင်း ကန့်သတ်ထားသည်။ လူသတ်မှု သို့မဟုတ် မုဒိမ်းမှုကဲ့သို့သော ကြီးလေးသော ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများမှာ တရားစွဲဆိုမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် အချို့သောပြစ်မှုများအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ပြန်လည်ပေါင်းစည်းမှုတွင် ပါဝင်ရန် အားပေးခြင်းနှင့် အကြီးမားဆုံးတာဝန်ရှိသူများအနေဖြင့် တာဝန်ယူတာဝန်ခံမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နှစ်ခုအကြား ဟန်ချက်ညီအောင် ထိန်းညှိပေးသည်။

တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များအား ဖျက်သိမ်းရေးအတွက် ပေးအပ်သည့် အရင်းအမြစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ပေးအပ်သည့် ပြန်လည်ကုစားရေးအစီအစဉ်များအကြား ဆက်စပ်မှုကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား ပေးအပ်သည့် ပြန်လည်ကုစားရေးပုံစံများထက် တိုက်ခိုက်ရေးအဖွဲ့ဝင်ဟောင်းများ (ရာခိုင်နှုန်းတစ်ခုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများ ဖြစ်နိုင်သည်) အား ဖျက်သိမ်းရေးအတွက်  သိသိသာသာများပြားသော ချီးမြှင့်မှုများကို ရက်ရောစွာ ကမ်းလှမ်းကြသည်ကို သာဓကများစွာတွင် မြင်တွေ့ခဲ့ရသည်။ ဤအချက်သည် ကျင့်ဝတ်အရ အချိုးမညီသော ရလဒ်ကို ဖြစ်စေရုံသာမကဘဲ ကျူးလွန်ခံရသူများအကြားတွင် ကြီးမားသော မတရားမှုခံစားချက်ကို ဖြစ်ပေါ်စေပြီး ယခင်တိုက်ဖွဲ့ဝင်ဟောင်းများ၏ ပြန်လည်ပေါင်းစည်းမှုကို လက်ခံနိုင်မှု နည်းပါးသွားမည်ဖြစ်သည်။

စိစစ်ရေးအစီအစဉ်များသည် DDR အစီအစဉ်များအတွက် ကန့်လန့်ခံနေနိုင်ပြီး မရည်ရွယ်သော တန်ပြန်ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် အချို့သော DDR အစီအစဉ်များသည် အစိုးရ အလုပ်အကိုင် အမျိုးအစားများသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရန် စီစဉ်ရေးဆွဲထားသော ကျွမ်းကျင်မှု လေ့ကျင့်ရေး အစီအစဉ်များကို ကမ်းလှမ်းဆောင်ရွက်ပေးကြသည်။ စိစစ်ရေး အစီအစဉ်များသည် အဆိုပါပုဂ္ဂိုလ်များအား မတရားပြုမှုများတွင် ပါဝင်ပတ်သက်မှုအတွက် စိစစ်မှုများပြုလုပ်နိုင်ပြီး အကယ်၍ အဆိုပါပုဂ္ဂိုလ်များတွင် တာဝန်ရှိကြောင်း တွေ့ရှိပါက အစိုးရအလုပ်ရရှိခြင်းမှ တားဆီးခံရနိုင်သည်။ ထို့ကြောင့် အစီအစဉ်တစ်ခုက အလုပ်အကိုင်ပုံစံတစ်ခုအတွက် တစ်ဦးချင်းလေ့ကျင့်ရေးတွင် ရှားပါးသောအရင်းအမြစ်များကို ရင်းနှီးမြုပ်နှံထားပြီး အခြားအစီအစဉ်တစ်ခုက အလုပ်လက်ခံခန့်ထားခြင်းကို တားဆီးနိုင်ပါသည်။