စိစစ်ခြင်းနှင့် သန့်စင်ခြင်း (Vetting and Lustration)

အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်မှုတွင် ၎င်း၏ထိရောက်မှုနှင့် ရေရှည်တည်တံ့မှုကို သေချာစေရန် အရေးကြီးသော်လည်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များသည် နယ်ပယ်တစ်ခုကို အဓိကထားအာရုံစိုက်ပြီး ထိုနယ်ပယ်မှာ – အင်စတီကျူးရှင်းတစ်ခု၏ လူပုဂ္ဂိုလ်များအား ပြုပြင်ပြောင်းလဲရေးပင်ဖြစ်သည်။ ပြည်သူ့ရေးရာအင်စတီကျူးရှင်းတစ်ခု၏ အခြေခံကျသည့်အစိတ်အပိုင်းများမှာ ၎င်း၏ ဝန်ထမ်းများပင် ဖြစ်သည်။ အင်စတီကျူးရှင်းများသည် ၎င်း၏ဝန်ထမ်းများမှတစ်ဆင့် အလုပ်လုပ်ပြီး အင်စတီကျူးရှင်းများကို ၎င်း၏ ဝန်ထမ်းများက ကိုယ်စားပြုသည်။ ယခင်က ချွတ်ယွင်းချက်များနှင့် မတရားဖိနှိပ်မှုများသည် အဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းများ၏ အမျိုးမျိုးသော ချို့တဲ့မှုများ၏ ရလဒ်များကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှုသည် ထိရောက်ပြီး ရေရှည်တည်တံ့သော အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းဖြစ်သည်။

စိစစ်ခြင်း

စိစစ်ခြင်းလုပ်ငန်းစဉ်သည် အသွင်ကူးပြောင်းနေသည့်နိုင်ငံများအတွင်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ စိစစ်ခြင်းလုပ်ငန်းစဉ်ကို ပြည့်သူ့ရေးရာ တာဝန်နေရာများအတွက် သင့်လျော်မှုကို ဆုံးဖြတ်ရန်အတွက် ဂုဏ်သိက္ခာသမာဓိရှိမှုအပေါ် လေ့လာအကဲဖြတ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

သမာဓိဂုဏ်ဆိုသည်မှာ ဝန်ထမ်းတစ်ဦး၏ ငွေရေးကြေးရေး မှန်ကန်စွာဆောင်ရွက်မှုအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ထိန်းသိမ်းလိုက်နာဆောင်ရွက်ခြင်းနှင့် ကျွမ်းကျင်ပညာရှင်ပီသသော ပြုမူဆောင်ရွက်မှုများကို ရည်ညွှန်းသည်။ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု သို့မဟုတ် နိုင်ငံတကာဥပဒေအရ ကြီးလေးသောရာဇ၀တ်မှုများအတွက် ပုဂ္ဂိုလ်ရေးအရတာဝန်ရှိသော ပြည်သူ့ဝန်ထမ်းများသည် အခြေခံသမာဓိဂုဏ် အားနည်းမှုကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး သူတို့အလုပ်အကျွေးပြုရမည့် နိုင်ငံသားများ၏ ယုံကြည်မှုကို ဖောက်ဖျက်ခြင်းပင် ဖြစ်သည်။

နိုင်ငံသားများ၊ အထူးသဖြင့် မတရားဖိနှိပ်မှုများ ကျူးလွန်ခံရသူများ၊ သည် အင်စတီကျူးရှင်း၏ တာဝန်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်စွမ်းအား ယုတ်လျှော့ထိခိုက်စေနိုင်သည့် ဆိုးရွားစွာ သမာဓိဂုဏ်အားနည်းသော လူပုဂ္ဂိုလ်များကို ဆက်လက်ခန့်အပ်ထားသော သို့မဟုတ် ငှားရမ်းထားသော ပြည်သူ့ရေးရာ အင်စတီကျူးရှင်းများအပေါ်တွင် ယုံကြည်မှုနှင့် အားကိုးမှုများ ရှိနိုင်မည်မဟုတ်ပါ။ စိစစ်ရေးအစီအစဉ်များသည် လူထု၏ယုံကြည်မှုကို (ပြန်လည်) တည်ဆောက်ရန်နှင့် ပြည်သူ့ရေးရာ အင်စတီကျူးရှင်းများကို (ပြန်လည်) တရားဝင်စေရန်အတွက် သမာဓိဂုဏ် ဆိုးရွားစွာချို့ယွင်းနေသော ပုဂ္ဂိုလ်များအား ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများမှ ဖယ်ထုတ်ရန် ရည်ရွယ်ပါသည်။

သမာဓိဂုဏ်ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အပြုအမူ (ဆောင်ရွက်ပုံ အကျင့်စာရိတ္တ) ဖြင့် တိုင်းတာပါသည်။ ထို့ကြောင့် စိစစ်ခြင်းလုပ်ငန်းစဉ်များသည် တစ်ဦးချင်းစီ၏ အပြုအမူအား အကဲဖြတ်ချက်များအပေါ် အခြေခံသင့်သည်။ အုပ်စုလိုက် ထုတ်ပယ်ခြင်းနှင့် အဖွဲ့အစည်း သို့မဟုတ် အဖွဲ့နှင့်ဆက်နွယ်မှု တစ်ခုတည်းပေါ် အခြေခံ၍ အကြီးစားဖယ်ရှားမှုများသည် ပိုက်ကွန်ကို (မလိုအပ်ပဲ) ကျယ်ပြန့်လွန်းစွာ ချမိခြင်းမျိုး ဖြစ်နိုင်ပြီး အတိတ်ကကျူးလွန်မှုများအတွက် ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် တာဝန်မရှိသော သိက္ခာသမာဓိဂုဏ်ပြည့်ဝသည့် ပြည်သူ့ဝန်ထမ်းများလည်း (မပါသင့်သူများလည်း ပါသွားခြင်း) ဖယ်ရှားခံရနိုင်သည်။ တစ်ချိန်တည်းမှာပင်၊ အဖွဲ့လိုက် ဖယ်ရှားခြင်းများသည် ကျဉ်းမြောင်းလွန်းပြီး အဖွဲ့ဝင်များမဟုတ်သော လူပုဂ္ဂိုလ်များ၏ မတရားဖိနှိပ်မှုများကို သတိမမူ မမြင်မိခြင်းမျိုး ဖြစ်နိုင်သည်။ ယင်းသို့ ကျယ်ပြန့်စွာ ရေးဆွဲဆောင်ရွက်သည့် လုပ်ငန်းစဉ်များသည် အခြေခံတရားရေး လုပ်ငန်းစံနှုန်းများကို ဖောက်ဖျက်ကျူးလွန်ရာလည်း ရောက်နိုင်ပြီး ရည်ရွယ်ထားသော ပြုပြင်ပြောင်းလဲရေး ပန်းတိုင်များကို အောင်မြင်နိုင်ခြေလည်း နည်းသည်။ ထို့အပြင် ပဋိပက္ခလွန်ကာလ သို့မဟုတ် အာဏာရှင်ခေတ်လွန်ကာလများတွင် လိုအပ်လျှက်ရှိသော ကျွမ်းကျင်မှုရှိသည့် ဝန်ထမ်းများကို ဖယ်ရှားမိခြင်းဖြစ်နိုင်ပြီး ဝန်ထမ်းအများအပြားအကြား မကျေနပ်မှုများ ဖန်တီးနိုင်ကာ အသွင်ကူးပြောင်းရေးကိုလည်း ထိခိုက်ပျက်ပြားစေနိုင်ပါသည်။ 

သန့်စင်ခြင်း

ယေဘူယျအားဖြင့် သန့်စင်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုကို စင်ကြယ်စေခြင်း သို့မဟုတ် သန့်စင်စေရန်ပြုလုပ်ခြင်း ပြုလုပ်ခြင်းဖြစ်ပြီး အများအားဖြင့် စိတ်ကျေနပ်စေရန် ပူဇော်သက္ကာဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းအသုံးအနှုန်းကို ရှေးခေတ်ရောမစကားလုံးဖြစ်သည့် Lustratio ဖြစ်သည့် သန့်စင်ခြင်း ဓလေ့ထုံးတမ်းအခမ်းအနားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၁၉၈၀ ခုနှစ်များ၏ နှောင်းပိုင်းကာလများနှင့် ၁၉၉၀ ခုနှစ်များ၏ အစောပိုင်းကာလများအတွင်း ဥရောပတိုက်ရှိ ကွန်မြူနစ်အစိုးရများ ပြိုလဲပြီးနောက်တွင် ယခင်အစိုးရလက်ထက်က ချိုးဖောက်မှုများနှင့် ဆက်နွှယ်သောသူများကို အရည်အချင်းစည်းကမ်းနှင့် မညီညွတ်၍ အုပ်စုလိုက် ပိတ်ပင်ခြင်း” ဟူသော အစိုးရ၏ အရေးယူမှု မူဝါဒများကို ရည်ညွှန်းသည့် ဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်လာသည်။ ကွန်မြူနစ်အဖွဲ့ဝင်ဟောင်းများနှင့် အထူးသဖြင့် ကွန်မြူနစ်လျှို့ဝှက်ရဲများ၏ သတင်းပေးသူများကို အစိုးရလုပ်ထုံးလုပ်နည်းများဖြစ်သည့် နိုင်ငံရေးရာထူးများကို ဆက်ခံခြင်း သို့မဟုတ် အရပ်ဘက်ရာထူးများတွင် ပါဝင်ခြင်းများကိုပင် ဖယ်ထုတ်ပိတ်ပင်ခဲ့ကြသည်။ ဤဖယ်ထုတ်မှုသည် ကွန်မြူနစ်သရုပ်လက္ခဏာများနှင့် သြဇာသက်ရောက်မှုများကို ဖယ်ရှားသည့် ကျယ်ပြန့်သော လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။  သို့သော် အချို့နိုင်ငံများတွင် သန့်စင်ရေးဥပဒေများသည် ဖယ်ထုတ်ခြင်းနှင့် အရည်အချင်းမပြည့်မီသဖြင့် ထုတ်ပယ်ခြင်းသို့ ဦးတည်ခဲ့ခြင်း မရှိပေ။ ဟန်ဂေရီရှိ သန့်စင်ရေးဥပဒေ (၁၉၉၄- ၂၀၀၃) သည် ညှိနှိုင်းဆောင်ရွက်သည့် နိုင်ငံတော်အရာရှိများ၏ ဖော်ထုတ်ခြင်းအပေါ် အခြေခံထားပြီး ပိုလန်ရှိ သန့်စဉ်ရေးဥပဒေ (၁၉၉၉-၂၀၀၅) မှာ ဖြောင့်ချက်ပေးဝန်ခံမှုအပေါ် မူတည်ပါသည်။ သန့်စင်ရေးဥပဒေသည် အဆင့်မြင့်ရာထူးနေရာများကို ရယူခဲ့သော လူပုဂ္ဂိုလ်တစ်ဦးသည်  ကွန်မြူနစ်အုပ်စိုးသူတို့၏ ဖိနှိပ်သော ယန္တရားတွင် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အလုပ်လုပ်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို လည်ပတ်ဆောင်ရွက်သည့် အထူးပြည်သူ့ဝန်ထမ်းဥပဒေတစ်ခုဖြစ်သည်။သန့်စဉ်ရေးဥပဒေ၏ အထူး (ထူးခြားသော)သဘောသဘာဝမှာ သူ၏ အသွင်ကူးပြောင်းရေး သွင်ပြင်လက္ခဏာကို ရည်ညွှန်းခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်အထိ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယား၊ ဟန်ဂေရီ၊ မက်ဆီဒိုးနီးယား၊ အယ်လ်ဘေးနီးယားနှင့် အခြားအရှေ့ဥရောပနိုင်ငံများတွင် အမျိုးမျိုးသော ရှု့ထောင်နယ်ပယ်များပါဝင်သည့် သန့်စင်ရေးဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်အထိ ဘီလာရုစ်နှင့် ယခင်ယူဂိုဆလားဗီးယား သို့မဟုတ် ယခင်ဆိုဗီယက်ဗဟိုအာရှသမ္မတနိုင်ငံများ (ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်) တို့တွင် သန့်စင်ရေးဥပဒေများကို အတည်ပြု ပြဌာန်းခြင်းမရှိသေးပေ။