Select Page

ဤသင်တန်းအကြောင်း

၁၉၉၀ ခုနှစ်ကာလများအတွင်း အပြည်ပြည်ဆိုင်ရာက ချုပ်ဆိုခဲ့ကြသော သဘောတူစာချုပ်များနှင့် ကြေညာချက်များက ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်အတွက် စတင်၍ နိုးဆော်တိုက်တွန်း တောင်းဆိုလာခဲ့ကြပြီး နိုင်ငံတကာအရေးကိစ္စတစ်ခုအဖြစ် ခိုင်မာစွာပေါ်ပေါက်လာသည်။ သို့သော် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဖြစ်ဆိုး အတွေ့အကြုံများကို ဖော်ထုတ်တင်ပြရန်မှာ ဆိုးဆိုးရွားရွားပင် (ကျော်မကောင်းကြားမကောင်းလောက်အောင်ပင်) ခက်ခဲလျှက်ရှိသည်။ အရှက်တရား၊ အမဲစက်ဖြစ်ပေါ်လာမည်ကို ကြောက်ရွှံ့ခြင်းနှင့် မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ အပြစ်ဖို့မှုများ၊ လုံခြုံမှုနှင့် လျှို့ဝှက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများ၊ ထို့အပြင် ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုစနစ်၏ မရေရာမှုများကဲ့သို့သော အတားအဆီးများက ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများ၏ အမှန်တရားကို နှိပ်ကွပ်ဖုံးဖိထားရန်သာ လုပ်ဆောင်နေကြသည်။

အချို့သောအခြေအနေများတွင် မုဒိမ်းမှုမှ လွတ်မြောက်သူများသည် သူတို့၏ ပြောဆိုတိုင်တန်းချက်ကို သက်သေမပြနိုင်သည့်အခါတွင် အိမ်ထောင်ရေးဖောက်ပြန်မှုဟု စွပ်စွဲခံရနိုင်ခြေရှိသည်။ ကျူးလွန်ခံရသူများကို အပြစ်တင်သည့် ထိုယဉ်ကျေးမှုစံနှုန်းများသည် ထုတ်ဖော်ပြောဆိုရန် အဟန့်အတားတစ်ခုဖြစ်လာပြီး အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား မျက်မြင်တွေ့ရှိမှု သို့မဟုတ် ကြားသိမှုကို ထုတ်ဖော်ပြောဆိုရန်လည်း ခက်ခဲမှုကို ကြုံတွေ့နေကြရသည်။

အရေးကြီးသည်မှာ ပဋိပက္ခအတွင်း အမျိုးသမီးများ တွေ့ကြုံခံစားရသော အကြမ်းဖက်မှုများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသာမကပဲ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအပြင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ချိုးဖောက်မှုများလည်း ပါဝင်သည်။ ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ရန်အတွက် နိုင်ငံတကာနှင့် နိုင်ငံအဆင့်တို့တွင် မြင့်မားသော ကတိကဝတ်များ ရှိကြသော်လည်း ထိုအကြမ်းဖက်မှုများ၏ သက်ရောက်မှုများကို သူတို့၏ ကလေးများနှင့် မြေးမြစ်များပင်အထိ ခံစားရလေ့ရှိကြပြီး ပဋိပက္ခများ ချုပ်ငြိမ်းပြီးနောက် ကာလအတန်ကြာသည်အထိ ဆက်လက်ခံစားကြရသည်။

ဤသင်ခန်းစာသင်ရိုးသည် ပဋိပက္ခနှင့်ရက်စက်ယုတ်မာမှုအများအပြားကျူးလွန်ခံနေရသော အခြေအနေမျိုးတွင်
ကျားမကွဲပြားမှုအမြင်များနှင့် အမျိုးသမီးအခွင့်အရေးအကြောင်း နားလည်မှုကို မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ပါသည်။ ပါဝင်တက်ရောက်သော သင်တန်းသား/သူများကိုလည်း ကျားမကွဲပြားမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအကြောင်း သူတို့၏အသိပညာများနှင့် အတွေ့အကြုံများအကြောင်းကို မျှဝေရန် အခွင့်အလမ်းများ ပေးအပ်သွားမည်ဖြစ်သည်။

သင်ရိုးအသေးစိတ်
လေ့လာနိုင်မည့်ပုံစံ: မိမိနှစ်သက်သလိုဆောင်ရွက်နိုင်ခြင်းနှင့် တစ်ဦးချင်းစီ လေ့လာခြင်း။ ဤသင်ရိုးကို စတင်ပြီး သင့်ကိုယ်ပိုင် အချိန်ဇယားဖြင့် လေ့လာနိုင်သည်။ ၁၀၀% အွန်လိုင်း
လေ့လာမှုအဆင့်: အလယ်အလတ်အဆင့်
ကြိုတင်လေ့လာနားလည်ထားရမည့် ဗဟုသုတ: အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု မိတ်ဆက်
ပြီးဆုံးရန်အတွက် ခန့်မှန်းချေ: ၁ နာရီ ခွဲမှ ၂ နာရီအတွင်း
သင်ယူနိုင်မည့် ဘာသာစကား: မြန်မာ

Course Content

Expand All